ဦးနှောက်အတွင်းဆေးပို့နိုင်စွမ်း ငါးဆတိုးစေမယ့် နာနိုစက်ရုပ်များ

အမေရိကန်ရှိ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ် (Caltech) မှ သုတေသီတွေဟာ ဦးနှောက်ကိုကာကွယ်ထားတဲ့ သွေးကြောအတားအဆီးကိုဖြတ်ကျော်ပြီး ဆေးဝါးတွေပို့ဆောင်နိုင်တဲ့ အလွန်သေးငယ်လှသောနာနိုစက်ရုပ်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ BrainBots လို့ အမည်ပေးထားတဲ့ အဲဒီနာနိုစက်ရုပ်တွေရဲ့ အရွယ်အစားဟာ၂၅၀ နာနိုမီတာခန့်သာ ရှိပါတယ်။ ဇီဝနဲ့ သဟဇာတဖြစ်ပြီး ခန္ဓာကိုယ်အတွင်းမှာ ပြိုကွဲပျောက်ကွယ်နိုင်တဲ့ ပစ္စည်းတွေနဲ့ပြုလုပ်ထားတာပါ။

သုတေသီတွေဟာ နာနိုစက်ရုပ်တွေကို သွေးကြောအတွင်း ထိုးသွင်းပြီးနောက် ဦးခေါင်းခွံကိုဖြတ်သန်းနိုင်တဲ့ Near-infrared အလင်းရောင်နဲ့ လှုံ့ဆော်ပေးပါတယ်။ အပူချိန်မြင့်တက်လာတဲ့အခါ စက်ရုပ်အတွင်းရှိ ဓာတ်ပစ္စည်းတွေက ဓာတ်ငွေ့ထုတ်လွှတ်ပြီး ရှေ့ကိုရွေ့စေပါတယ်။ အဲဒီလို ရွေ့လျားမှုကြောင့် ဦးနှောက်ကို ကာကွယ်ထားတဲ့ သွေးကြောအတားအဆီးကို ဖြတ်ကျော်နိုင်တာဖြစ်ပါတယ်။

ကြွက်တွေမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုအရ အလင်းရောင်နဲ့ လှုံ့ဆော်ထားတဲ့ BrainBots တွေဟာ မလှုံ့ဆော်ထားတဲ့ စက်ရုပ်တွေနဲ့ယှဉ်ရင် ဦးနှောက်အတွင်း ဆေးဝါးငါးဆခန့် ပိုမိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဦးနှောက်ကင်ဆာတစ်မျိုးဖြစ်တဲ့ Glioblastoma ရောဂါရှိတဲ့ ကြွက်တွေမှာလည်း အကျိတ်ကြီးထွားမှုက နှေးကွေးလာကာအသက်ရှင်နိုင်တဲ့ကာလ ပိုမိုရှည်ကြာလာပါတယ်။

Ref: IEကိုထက်

Leave a Reply

Your email address will not be published. Required fields are marked *