ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး(၂၈)ရက်မြောက်နေ့အစည်းအဝေးသို့ လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိုးနဲမြို့နယ်မှ ပြည်သူများအနေဖြင့် လွှတ်တော်အဆောက်အအုံများနှင့် ကိုယ်စားလှယ်များ၏ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးအတွက် ဆောင်ရွက်နေမှုများကို ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျလာရောက်လေ့လာ မြင်တွေ့ရသည့်အတွက် အကျိုးရှိမည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ရွေးကောက်ပွဲများကျင်းပပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် မဏ္ဍိုင်ကြီး(၃)ရပ်ဖြင့် ဒီမိုကရေစီအစိုးရသစ် တစ်ရပ်ပေါ်ပေါက်လာပြီဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်များသည် ဥပဒေပြုမဏ္ဍိုင်တွင်ပါဝင်ပြီး နိုင်ငံအနှံ့အပြား ဒေသအသီးသီးက ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်နေရာလည်းဖြစ်သလို ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် လွှတ်တော်များသည် အဓိကကျသည့်ပြယုဂ်တစ်ခုလည်းဖြစ်ပါကြောင်း။
လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုလို အဆောက်အအုံများကို အမြော်အမြင်ကြီးစွာ ဆောက်လုပ် ပေးခဲ့သူများကိုလည်း အစဉ်ဦးထိပ်ထား ကျေးဇူးတင်ရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်များ၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေး၊ အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းရေးနှင့်ပြည်သူကို ကိုယ်စားပြုရေးတာဝန်များကို ပြည်သူများက ရွေးချယ်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဥပဒေ၏အကာအကွယ်အောက်တွင် ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝလုံခြုံအေးချမ်းစွာနေထိုင်ဆောင် ရွက်နိုင်ရန်အတွက် တည်ဆဲဥပဒေများကို ခေတ်နှင့်လျော်ညီစွာဖြစ်စေရေး လေ့လာသုံးသပ်လျက်ရှိသကဲ့သို့လိုအပ်သည့်ဥပဒေအသစ်များကိုလည်း ပြဋ္ဌာန်းပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ၏အကျိုးကိုဖော်ဆောင်ရာတွင်ထိရောက်မှုရှိစေရေးအတွက် အခြားမဏ္ဍိုင်ကြီးများနှင့်အပြန်အလှန် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကာ ပြည်သူများ၏လိုလားချက်များနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုနှင့်မေးခွန်းများကို လွှတ် တော်တွင်း၌ အချိန်နှင့်တစ်ပြေးညီမေးမြန်းဆောင်ရွက်လျက်ရှိသဖြင့် မိမိတို့ဒေသ၏လိုအပ်ချက်များကို သက်ဆိုင်ရာကိုယ်စားလှယ်များမှတစ်ဆင့်တင်ပြဆောင်ရွက်နိုင်ပါကြောင်း။
ယနေ့ လွှတ်တော်သို့လာရောက်လေ့လာသည့် ပြည်သူများအနေဖြင့်လည်း လွှတ်တော်သည် ပြည်သူများကို တိုက်ရိုက်ကိုယ်စားပြုသည့်နေရာဖြစ်၍ အားကိုးအားထားပြုရမည့်နေရာဟု မှတ်ယူရမည်ဖြစ်ပါကြောင်း၊ ယခုလို လာရောက်လေ့လာစဉ် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံကောင်းများကိုလည်း အခြားသူများသို့လက်ဆင့်ကမ်းမျှဝေသွားစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ကိုပြည်သူများပိုမိုသိရှိစေရန် ဆောင်ရွက်လျက်ရှိရာ လွှတ် တော်၏ဆောင်ရွက်ချက်များကို ပြည်သူများအနေဖြင့် ကိုယ်တိုင်မျက်မြင်ကြည့်ရှုနိုင်ရန်အတွက် လွှတ်တော်သို့ လာရောက်လေ့လာကြရန်လည်း ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်မှပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များဖြစ်ကြသည့် ဦးစိုင်းထွန်းလင်း၊ ဦးကောင်းသက်စံ၊ ဦးစိုင်းကျော်လှ၊ ဒေါ်နန်းတင်ဦး၊ ဦးစိုင်းထွန်းစံ(ခ) ဦးစိုင်းဆေဟန်၊ ဒေါ်နန်းသန်းသန်းမွှေး၊ ဦးစိုင်းစိန်ဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန် ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။ မြဝတီ
