နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”ကို စက်တင်ဘာလ ၆ ရက်နေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
အဆိုပါ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် H.E. Mr. Nguyen Van Thang ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Nguyen Duc Chi နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) နာယကနှင့် အဖွဲ့ဝင်များ၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရေးအသင်းများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ ရောက်ရှိလာရာ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” ကို အခမ်းအနား အစီအစဉ်အတိုင်း စတင်ကျင်းပပြုလုပ်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Nguyen Duc Chi နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း တို့က ကြိုဆိုဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ယင်းနောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Nguyen Van Thang က စီးပွားရေးဖိုရမ်နှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြော ကြားရာတွင် ယခုစီးပွားရေးဖိုရမ်နှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရများအကြား သဘောတူညီချက်များနှင့် ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ပေးနေကြ သော နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် အသင်းအဖွဲ့များ၏ တက်ကြွစွာပါဝင်မှုကို ဝမ်းမြောက်စွာ တွေ့မြင်ရပါကြောင်း၊ ၎င်းတို့အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး အလားအလာများကို လက်တွေ့ကျသော စီမံကိန်းများအဖြစ် ပြောင်းလဲပေး ပြီး ထုတ်ကုန်များ၊ အလုပ်အကိုင်များ ဖန်တီးပေးကာ နှစ်နိုင်ငံပြည်သူများအတွက် အမှန်တကယ် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ ဖိုရမ်ပြုလုပ်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ဘက်စုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းပြီး ထိရောက်လာစေမည်ဖြစ်ပါကြောင်းနှင့် စီးပွားရေးလုပ် ငန်းရှင်များ၏ အမြင်နှင့် အကြံပြုချက်များကို မိမိအနေဖြင့် အလေးထားပါကြောင်း၊ ယနေ့ဖိုရမ်သည် နှစ်နိုင်ငံအစိုးရများအကြား နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသည့် အခက်အခဲ များ၊ အခွင့်အလမ်းများ၊ အနာဂတ်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို တိုက်ရိုက်နား ထောင်နိုင်သည့် အခွင့်အရေးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံလုံးအနေဖြင့် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် အရင်းအမြစ်များကို ပေါင်းစပ် အသုံးချပြီး ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်ကို အတူတကွ ချဲ့ထွင်သွားရန် လိုအပ်ကြောင်း။
မိမိတို့ နှစ်နိုင်ငံအနေဖြင့် စီးပွားရေးအသိုက်အဝန်းကို ယခင်ကတည်းကပင် ထူထောင်ထားရှိပြီး ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ရေရှည် ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက် သွားလိုပါကြောင်း၊ သို့ဖြစ်ပါ၍ အဆွေတော် သမ္မတကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများအား ယုံကြည်စွာ ဆက်လက်တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များ ကို လမ်းညွှန်ပေးစေလိုပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှု ရလဒ်များအရ ဗီယက်နမ်နိုင်ငံအစိုးရအနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှုနှင့် အပြန်အလှန် ပံ့ပိုးမှုများကို ပိုမိုမြှင့်တင်သွားရန်၊ အတွေ့အကြုံများကို အပြန်အလှန်မျှဝေ၍ လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့သည့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်သွားရန်၊ လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် အခန်းကဏ္ဍများကို ထိရောက်စွာအသုံးချပြီး စီးပွားရေးလုပ်ငန်းများ၌ ကြုံတွေ့နေရသည့် အခက်အခဲများ ကို အတူတကွ ပူးပေါင်းဖြေရှင်းသွားရန်၊ ဗီယက်နမ်နှင့် မြန်မာ စီးပွားရေးလုပ်ငန်းများအနေဖြင့် စီးပွားရေးအခွင့်အလမ်း ရှာဖွေရုံသာမက ယုံကြည်စိတ်ချရသော ရေရှည် မိတ်ဖက်များအဖြစ် လက်တွဲဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးအရ လိုအပ်ချက်ရှိသည့် ကဏ္ဍများတွင် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက် သွားရန် စသည့် အချက်ငါးချက်ကို အကြံပြုလိုပါကြောင်း၊ တက်ရောက်လာကြသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၏ အကျိုး ရလဒ်များကို နှစ်နိုင်ငံပြည်သူများခံစားရရှိသွားကြရန်လိုကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး အသိုက်အဝန်း ဆက်လက်ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုများရရှိနိုင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ ဆက်လက်အောင်မြင်မှုများရရှိနိုင်စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ က နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားနိုင်ရန် ရည်ရွယ်သည့် မိမိ၏ ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်တစ်ရပ် ကျင်းပနိုင်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယနေ့ ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာစေပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကိုလည်း အားပေးမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ လက်ရှိတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံရေးနှင့် သံတမန်ရေးရာကဏ္ဍများတွင်သာမက လုံခြုံရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးသည် ကမ္ဘာ့နိုင်ငံ ရေးနှင့် စီးပွားရေးအပြောင်းအလဲများ၊ စိန်ခေါ်မှုများ မြင့်မားနေသည့်ကာလအတွင်း ၌ပင် အပြန်အလှန်လေးစားမှုများဖြင့် ဒေသတွင်းတွင် အားကောင်းခိုင်မာစွာ ဆက် လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံ၏ အနာဂတ်တွင် ပိုမိုတိုးတက်ဖွံ့ဖြိုး နိုင်မည့် အလားအလာကောင်းများကို ထင်ဟပ်ဖော်ပြနေကြောင်း။
ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက် ကုန်များကို ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကာ ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိကတင်သွင်းလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရန်အတွက်လည်း အဓိကကျသည့် မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း၊ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍတို့တွင် အဓိကဆောင်ရွက်နေကြပြီး သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ထင်ရှားသည့် ရင်းနှီး မြှုပ်နှံမှုတစ်ရပ်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည့် Mytel Myanmar လုပ်ငန်း သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း။
အနာဂတ်တွင်လည်း မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ဆက်သွယ်ရေး၊ နည်းပညာ၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွား ရန် ယုံကြည်ချက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တရုတ်၊ အိန္ဒိယ၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးနိုင်သည့် အချက်အချာနေရာတွင် တည်ရှိပြီး စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာများစွာရှိသကဲ့သို့ သဘာဝသယံဇာတများ၊ ရေချိုနှင့် ရေငန်သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝကြောင်း၊ ပူအိုက်စွတ်စိုသည့် ရာသီဥတုရှိသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်း သဘောတူညီချက်များကို အခြေပြု၍ မြန်မာနိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းကာ လယ်ယာအခြေခံသွင်းအားစု ထုတ်လုပ်ခြင်း၊ စားသောက် ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ခြင်း စသည့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု စက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပြီး ကမ္ဘာ့စားနပ်ရိက္ခာတန်ဖိုး ကွင်းဆက်အတွင်း အတူတကွ ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ ထို့ပြင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဆိုက်ဘာလုံခြုံရေး၊ အစိုးရဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင်ဖော်ဆောင်ရေးတို့တွင် ဗီယက်နမ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုဖိတ်ခေါ်ပါကြောင်း။
ခရီးသွားလုပ်ငန်းသည်လည်း မြန်မာ-ဗီယက်နမ် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုကို ပိုမိုတိုးချဲ့နိုင်မည့် အလားအလာကောင်းသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏ တောတောင်ရေမြေ၊ သဘာဝအလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထူးခြားသည့် ဒေသခရီးစဉ်များသည် နှစ်နိုင်ငံခရီးသွားများသာမက နိုင်ငံတကာမှ ခရီး သွားများကိုပါ ဆွဲဆောင်နိုင်မည်ဖြစ်သဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း၊ ထို့အတူ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အရေးပါသည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ နေရောင်ခြည် စွမ်းအင်ထုတ်လုပ်ရေးနှင့် Biomass စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများ၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးနှင့် အာဆီယံစီးပွားရေးစင်္ကြံတစ်လျှောက် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ၊ သံ၊ သံမဏိနှင့် ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများတွင်လည်း ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း။
ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင် ရွက်ရာ၌ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များတွင်သာမက လယ်ယာပေါင်းစည်း ဇုန်များနှင့် စက်မှုစီမံကိန်းများကိုလည်း ထူထောင်ဆောင်ရွက်နိုင်ကြောင်း၊ မြန်မာနိုင်ငံ တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေး ဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဟူ၍ အထူးစီးပွားရေးဇုန်ကြီး ၃ ခုရှိပြီး သီလဝါစီးပွားရေးဇုန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများ (GMS Economic Corridors) အနက် အရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC-East-West Economic Corridor) ဖြစ်သည့် မြန်မာနိုင်ငံ (မြဝတီ)-ထိုင်း-လာအို-ဗီယက်နမ်နိုင်ငံ (ဒါနန်း) လမ်းကြောင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်သဖြင့် အနာဂတ်တွင် ဒေသတွင်း အရေးပါသည့် နိုင်ငံဖြတ်ကျော် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်း တစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း။
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည်လည်း အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါသည့် နေရာတစ်ခုဖြစ်လာမည်ဖြစ်ပြီး GMS Economic Corridors အနက် Southern Economic Corridor (SEC) တောင်ပိုင်းစီးပွားရေးစင်္ကြံ လမ်းဖြစ်သည့် မြန်မာနိုင်ငံ (ထားဝယ်)-ဗန်ကောက်-လွန်ပရာဘမ်-ဗီယက်နမ်နိုင်ငံ (ဒါနန်း) လမ်းကြောင်းနှင့် ချိတ်ဆက်သွားနိုင်မည်ဖြစ်သဖြင့် ဒေသတွင်းအရေးပါသည့် မဟာစီမံကိန်းတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း။
ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို မူပိုင်ခွင့်ဥပဒေ ၄ ရပ်နှင့်အညီ အကာအကွယ်ပေးလျက်ရှိသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင်လည်း နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် အလုပ်အကိုင်များဖန်တီးခြင်းနှင့် ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ တွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
“တစ်ဦးတည်းဆိုပါက လျင်မြန်စွာသွားနိုင်သော်လည်း အတူတကွ ပူးပေါင်းမှ သာလျှင် ဝေးဝေးသို့ ရောက်နိုင်သည်” ဆိုသည့် အဆိုအမိန့်အတိုင်း ယနေ့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမရေရာမှုများနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတစ်ခုတည်း၊ ကုမ္ပဏီတစ်ခုတည်းဖြင့် ရပ်တည်ရန် ခက်ခဲကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ထူထောင်ထားသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအောက်တွင် အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ ဆက်ဆံမှုအပါအဝင် နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ ရပ် များကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ယနေ့ကျင်းပသည့် စီးပွားရေးဖိုရမ်သည် ပစ္စုပ္ပန်ကာလအတွက်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ အကျိုးရှိမည့် ရေရှည်တည်တံ့သည့် စီးပွားရေး မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား “အပြန်အလှန်လေးစားမှုကို အခြေခံသည့် မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကို အခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်ဖက်အကျိုးစီးပွား ဖြစ်ထွန်းစေမည့် အနာဂတ်” ကို အတူတကွဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်းကို အလေးအနက် ဆွေးနွေးပြောကြားလိုကြောင်း ပြောကြားသည်။




ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”တွင် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ ကြပြီး ပြခန်းအလိုက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန် လည်မေးမြန်းဆွေးနွေးခဲ့သည်။
ယနေ့တွင် ကျင်းပပြုလုပ်သည့် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”တွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် ၆၀၀ ခန့် တက်ရောက်ခဲ့ကြပြီး လုပ်ငန်းရှင်များအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ အပြန်အလှန် လက်မှတ်ရေးထိုးခြင်းနှင့် နှစ်နိုင်ငံမှ ထုတ်ကုန်ပစ္စည်းများအား ပြခန်းပေါင်း ၂၀ ကျော် ခင်းကျင်းပြသနိုင်ခဲ့ကြကာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ Mr. Chu Cong Phung နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကူးလူးဆက်ဆံမှုများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ အစိုးရနှစ်ရပ်၏ အားပေးမှုနှင့်အတူ လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

