“နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(International Youth Day – 2026) အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ထူးချွန်ဆုနှင့် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်မောင်မယ်များအား ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ၊ ထူးချွန်လူငယ်မောင်မယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်နှင့် ကြက်ခြေနီလူငယ်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကိုစတင်ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။


ထို့နောက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်ကောင်စီနယ်မြေမှ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများက လူငယ် ဂုဏ်ပြုတေးသီးချင်းဖြစ်သည့် “လူငယ့်စွမ်းရည်” တေးသီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ၁၉၉၈ ခုနှစ် ပေါ်တူဂီနိုင်ငံတွင် ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံဆုံးဖြတ်ချက်အရ နှစ်စဉ်နှစ်တိုင်း ဩဂုတ် ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုနှစ်ဆိုပါက ၂၇ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ကြောင်း။
ယနေ့ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့သည် ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော လူငယ်များ၏အရေးပါလှသည့် အခန်းကဏ္ဍနှင့် လူငယ်များ၏အင်အားနှင့် စွမ်းဆောင်ရည်များကို အသိအမှတ်ပြုဂုဏ်ပြုကြိုဆိုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ၏အသံ၊ သဘောထားအမြင်နှင့် အားမာန်များကို နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်နိုင်ကြရန် တိုက်တွန်းနှိုးဆော်အားပေးသည့်နေဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်ကြောင်း။
ယနေ့ကမ္ဘာကြီးသည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုသို့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ၊ သဘာဝဘေးအန္တရာယ်ရိုက်ခတ်မှုများ၊ လူမှုစီးပွား စိန်ခေါ်မှုများသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ နယ်နိမိတ်များကို ကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံအရေးကိစ္စများအနေဖြင့်ပေါ်ပေါက်လျက်ရှိနေကြောင်း။
ယခုကဲ့သို့စိန်ခေါ်မှုများ ဖြေရှင်းဆောင်ရွက်သည့်အခါတွင်လည်း မျိုးဆက်သစ်လူငယ်များ၏ တက်ကြွသည့်ပေါင်းစည်းအား၊ အခက်အခဲကို အခွင့်အရေးအဖြစ် အသွင်ပြောင်းလဲနိုင်မှု အရည်အသွေးနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုများသည် အဓိကမောင်းနှင်အားများအဖြစ် ပါဝင်နေကြကြောင်း။
ထိုသို့အနာဂတ်အတွက်အရေးပါသည့် စွမ်းအားစုများဖြစ်သည့် လူငယ်များ၏ ရည်မှန်းချက်နှင့် အခွင့်အလမ်းများကို ပိုမိုဖော်ဆောင်ပေးနိုင်ရန်နှင့် လူငယ်များကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ထိရောက်သည့် ပံ့ပိုးကူညီမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျချဉ်းကပ်ဆောင်ရွက်နိုင်ရေးသည်လည်း အလွန်ပင်အရေးကြီးလှကြောင်း။


ကုလသမဂ္ဂအဖွဲ့ကြီး၏ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့လူဦးရေဆိုင်ရာ အဓိကအချက်အလက်များကို ကောက်နုတ်ဖော်ပြချက်အရ ယနေ့ကမ္ဘာပေါ်တွင် အသက် (၁၅)နှစ် နှင့်(၂၄)နှစ်ကြား လူငယ်လူဦးရေသည် ၁ ဒသမ ၃ ဘီလီယံခန့်ရှိပြီး အဆိုပါလူငယ်လူဦးရေ၏ ထက်ဝက်ကျော်သည် ဝင်ငွေနည်းပါးသည့် နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်အောက်တွင်ရှိသည့် နိုင်ငံများတွင် နေထိုင်ကြသည်ကို တွေ့ရှိရကြောင်း။
ထို့အပြင် လူငယ်များ၏ ကျန်းမာရေး၊ လူမှုစီးပွားဘဝကောင်းမွန်စေရန် ရင်းနှီးမြှုပ်နှံပေးရေး၊ အရည်အသွေးရှိသည့် ပညာရေးနှင့် သင့်လျော်ကောင်းမွန်သည့် လုပ်ငန်းခွင်အခွင့်အလမ်းများဖန်တီးပေးရေး၊ လူ့အဖွဲ့အစည်းအတွင်း လူငယ်များအပြည့်အဝပါဝင်နိုင်ရန် ဆောင်ရွက်ပေးရေးတို့ကို ဖြည့်ဆည်းပေးရန်လိုအပ်နေသည်ကိုလည်း အလေးပေးဖော်ပြထားကြောင်း။
အဆိုပါအခြေအနေများကို ထင်ဟပ်ဖော်ပြသည့်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက၂၀၂၆ ခုနှစ်အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ဆောင်ပုဒ်ကို “နောက်ခံ မတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား- Different Contexts, Common Aspirations” အဖြစ် ရွေးချယ်သတ်မှတ်ထားသည်ကိုတွေ့ရှိရကြောင်း၊ လူငယ်များနေထိုင်ရာ နိုင်ငံနယ်နိမိတ်များ၊ အဆင့်အတန်းများ သို့မဟုတ် နောက်ခံအခြေအနေအကြောင်းအရာများက မတူကွဲပြားနေစေကာမူ လူငယ်အသီးသီး၏ ဂုဏ်သိက္ခာများ၊ အခွင့်အရေးများ၊ ပူးပေါင်းပါဝင်ခွင့်များကိုမြှင့်တင်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသည့် အနာဂတ်ကို ဖန်တီးရေးတို့သည် လူငယ်များ၏တူညီသည့် မျှော်မှန်းချက်အဖြစ် တည်ရှိနေသည်ကို ယခုနှစ်ဆောင်ပုဒ်က မီးမောင်းထိုးပြနေကြောင်း။
ဆက်လက်ပြီး ယခုနှစ်ဆောင်ပုဒ်တွင် အခွင့်အလမ်းများ အပြည့်အဝရရှိနိုင်ရန်အတွက် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေကြရသည့် ဖွံ့ဖြိုးဆဲနိုင်ငံအသီးသီးက လူငယ်များအနေဖြင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှတက်တက်ကြွကြွဖြင့် ပါဝင်ဆောင်ရွက်နေကြသည့် စွမ်းအားတစ်ရပ်ဖြစ်သည်ကို ညွှန်းဆိုထားကြောင်း၊ အဆိုပါအချက်ကို နိုင်ငံအသီးသီးနှင့်လူ့အဖွဲ့အစည်းအသီးသီးက အသိအမှတ်ပြုပြီး လူငယ်များကို ပံ့ပိုးကူညီဖြည့်ဆည်းပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် လူငယ်တစ်ဦးတစ်ယောက်၏ စွမ်းအားကို နောက်ကျကျန်မနေစေရန်အတွက် အလေးထားတိုက်တွန်းထားသည်ကို တွေ့ရှိရကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးကလည်း လူငယ်များ၏ အနာဂတ်အလားအလာကောင်းများကို အားပေးမြှင့်တင်ဆောင်ရွက်သည့်အခါတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကအခြေခံအုတ်မြစ်များဖြစ်ကြသည့် ပညာသင်ကြားသင်ယူမှု အခွင့်အလမ်းများကို လက်လှမ်းမီရရှိစေရေး၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြကြောင်း၊ ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရေးနှင့် လူငယ်များအတွက် လိုအပ်သည့် ၂၁ ရာစု တတ်ကျွမ်းမှုများကို သင်ယူနိုင်စေရေးတို့အတွက် ဦးတည်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း။
အာဆီယံဒေသအဆင့်တွင်လည်း အနာဂတ်အတွက် အသင့်ဖြစ်နေသည့် လူငယ်များဖြစ်လာစေရန် လူမှုစွန့်ဦးတီထွင်မှုများ၊ ဆန်းသစ်တီထွင်ဖန်တီးမှုများ အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အားပေးမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိနေကြကြောင်း၊ ထို့အပြင် အာဆီယံဒေသတွင်း လူငယ်များအနေဖြင့် ရာသီဥတုပြောင်းလဲမှုများနှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ နှင့်အညီ အာဆီယံလူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ်(၂၀၂၆ – ၂၀၃၀)ကို ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း ၅၁ ဒသမ ၃၇ သန်းကျော် အနက် ၁၆ ဒသမ ၇၈ သန်းခန့်သည် လူငယ်များဖြစ်သည့်အတွက် မိမိတို့နိုင်ငံသည် လူငယ်အင်အားအများအပြားကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်အရေအတွက်သည် ၈.၄ သန်းကျော်၊ နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းကျော် ပါဝင်လျက်ရှိကြောင်း၊ ၎င်းတို့အရွယ်သည် အခြေခံပညာအထက်တန်းနှင့် တက္ကသိုလ်ပညာသင်ကြားသည့်အရွယ်ဖြစ်သဖြင့် ကျောင်းနေရာခိုင်နှုန်းမြင့်မားအောင်ဆောင်ရွက်ပြီး စနစ်တကျသင်ကြားလေ့ကျင့်ပေးမည်ဆိုပါက အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူငယ်များဖြစ်လာမည်ဖြစ်ကြောင်း၊ အဆိုပါ မျိူးဆက်သစ်လူငယ် အင်အားသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့်လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသကဲ့သို့ ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ပုံဖော်သည့်နေရာတွင်လည်း အဓိကမောင်းနှင်အားများပင်ဖြစ်ကြကြောင်း။
ထို့ကြောင့် လူငယ်များကို ဗလငါးတန်နှင့် ပြည့်ဝစေရေးနှင့် နိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုးပြီး မြန်မာ့လူအဖွဲ့အစည်းကို မြှင့်တင်လိုစိတ်နှင့် မှန်ကန်သည့် အတွေးအခေါ်များ၊ အလေ့အကျင့်ကောင်းများနှင့် ပြည့်ဝနေသည့် မျိုးဆက်သစ်လူငယ်များအဖြစ် ပြုစုပျိုးထောင်ပေးရန် အလွန်အရေးကြီးကြောင်း။
မြန်မာလူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်၊ အဓိကအင်အားဖြစ်သည့်အတွက် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဦးတည်ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယခုမိမိတို့အစိုးရသစ်လက်ထက်တွင် ယခင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို အားကစားရေးရာဝန်ကြီးဌာနှင့်လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန ၂ ခုကို သီးခြားစီပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။
အသစ်ဖွဲ့စည်းပေးခဲ့သည့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ပိုမိုဖော်ဆောင်ပြီး စွမ်းရည်များနှင့် အလားအလာကောင်းများ တိုးတက်မြင့်မားလာစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူမှုအသိုက်အဝန်းအတွင်းတွင် လူငယ်များအနေဖြင့် အကျိုးရှိရှိပါဝင်ဆောင်ရွက်ခွင့်များရရှိစေပြီး နိုင်ငံတည်ဆောက်ရေး၏ စွမ်းအားအသွင်ဖြစ်ထွန်းလာအောင် ဆောင်ရွက်ပေးရန်လိုအပ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်း။
ယနေ့ခေတ်တွင် နည်းပညာများတိုးတက်လာမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများသည် လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင်နှင့် စွန့်ဦးတီထွင်မှုအခွင့်အလမ်းများ ပိုမိုကျယ်ပြန့် အားကောင်းလာသည်ကိုတွေ့ရကြောင်း၊ လူငယ်များကို ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်နိုင်ရန်အတွက် အရေးပါလှသည့် တွန်းအားတစ်ရပ်နှင့် အခွင့်အရေးပင်ဖြစ်ကြောင်း။
ခေတ်မီနည်းပညာနှင့် ဒီဂျစ်တယ်ကမ္ဘာကို ကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်နိုင်စွမ်းရှိသည့် လူငယ်မျိုးဆက်သစ်များသည် ကမ္ဘာ့အသိုက်အဝန်းနှင့်ရင်ပေါင်တန်းပြီး အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကိုဖော်ဆောင်ပေးနိုင်ကြသူများဖြစ်ကြကြောင်း၊ ထို့ကြောင့်၎င်းတို့၏ ဆန်းသစ်တီထွင်မှု၊ စွန့်ဦးတီထွင်နိုင်မှုနှင့် လွတ်လပ်သည့်အတွေးအခေါ်များကို နိုင်ငံတော်က အလေးအနက်ထားအသိအမှတ်ပြုပြီး အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးရန်လိုအပ်လျက်ရှိကြောင်း။
ယနေ့ ဒီဂျစ်တယ်ကမ္ဘာတွင် သတင်းအချက်အလက်များသည် လျင်မြန်စွာစီးဆင်းနေမှုနှင့်အတူ တိုးတက်မှုများရှိနေသကဲ့သို့ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေသည့် စိန်ခေါ်မှုများကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် နည်းပညာများကို အသုံးပြုရာတွင် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်သည့် ဝေဖန်ပိုင်းခြားနိုင်မှု )Critical Thinking) ရှိရန်၊ AI အသုံးပြုမှုကျင့်ဝတ်၊ ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်ပြီး သတိရှိအလေးထားရန် လိုအပ်ကြောင်း၊ နိုင်ငံနှင့်လူမျိုး၏ ဖွံ့ဖြိုးမှုဂုဏ်သိက္ခာကို ထိခိုက်စေမည့်လုပ်ရပ်များကို ရှောင်ကြဉ်ပြီး တာဝန်သိသည့် ဒီဂျစ်တယ်နိုင်ငံသား )Res-ponsible Digital Citizen)များအဖြစ် ရပ်တည်ကြရန် လိုအပ်သည်ကို အလေးထားမှာကြားလိုကြောင်း။ ပြောင်းလဲတိုးတက်နေသည့် ကမ္ဘာအသိုက်အဝန်းနှင့် လျော်ညီအောင် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်လည်းအလွန်အရေးကြီးလှကြောင်း၊ ခေတ်မီနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချရင်းဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာများကို တန်ဖိုးထားပြီး နိုင်ငံ၏ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကမ္ဘာက သိအောင်မြှင့်တင်ပေးနိုင်သည့်၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသည့် လူငယ်များဖြစ်လာအောင် ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ယနေ့ခေတ်ကာလတွင် ကမ္ဘာတစ်ဝန်းဆက်သွယ်ဆောင်ရွက်မှုများနှင့် ကွန်ရက်ချိတ်ဆက်မှုများသည် အချိန်နှင့်အမျှတိုးတက်နေခြင်းဖြစ်သဖြင့် လူငယ်များအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းအတွင်းတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ မြန်မာလူငယ်များသည် နိုင်ငံတော်၏ အပြုသဘောဆောင်သည့် ကိုယ်စားလှယ်များအဖြစ် ကမ္ဘာ့အသိုက်အဝန်းနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်က စဉ်ဆက်မပြတ် အားပေးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း အသိပေးပြောကြားလိုကြောင်း။
ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်နေသည့်ခေတ်တွင် ပြောင်းလဲမှုများနှင့်အတူ တည်ငြိမ်အေးချမ်းပြီး သဟဇာတဖြစ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်ရန်လိုအပ်ကြောင်း၊ သို့မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်အသီးအပွင့်များကို ဖော်ဆောင်နိုင်မည်ပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များတွင်လည်း မျိုးဆက်သစ်လူငယ်များ၏ ရင့်ကျက်သည့်အတွေးအခေါ်၊ မှန်ကန်သည့်လုပ်ရပ် စသည့် ပေါင်းစည်းအားများနှင့် ဆောင်ရွက်ကြမည်ဆိုပါက အားလုံးလိုချင်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုပန်းတိုင်ကို ရောက်ရှိရန် အထောက်အပံ့များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း။
ယခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “နောက်ခံ မတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား – Different Contexts, Common Aspirations” နှင့်အညီ လူငယ်များ၏မတူကွဲပြားသည့် အတွေးအမြင်များကို ပေါင်းစည်းပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့် ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းများကို ရှာဖွေဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊ အားလုံးရင်ဆိုင်နေကြရသည့်စိန်ခေါ်မှုများကို အတူတကွပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရာတွင် လူငယ်များ၏ အရည်အချင်းနှင့် အရင်းအမြစ်များကို စုစည်းစွမ်းအားအဖြစ်အသုံးပြုကြရန်လည်း အလေးနက်ထား တိုက်တွန်းပြောကြားလိုကြောင်း။
ထို့အပြင် ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားမှတဆင့် မိမိတို့၏ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် အကျိုးပြုနိုင်ကြသည့်နိုင်ငံသားကောင်းများ၊ ခေတ်သစ်နည်းပညာများကို အကျိုးရှိစွာအသုံးချနိုင်သည့် လူငယ်များ၊ ဆန်းသစ်တီထွင်မှုများကို ဖန်တီးနိုင်သည့် ပညာရှင်များ၊ လူမှုစီးပွားအကျိုးပြုနည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်သူများ ဖြစ်လာစေရန်အတွက် ကြိုးစားဆောင်ရွက်ကြရန် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် မျိုးဆက်သစ်လူငယ်မောင်မယ်အားလုံးကို အထူးတိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံတစ်လွှားက လူငယ်မောင်မယ်များအားလုံး အသိပညာ၊ အတတ်ပညာများနှင့် ပြည့်ဝနေရုံသာမက ခေတ်မီနည်းပညာတတ်ကျွမ်းမှုများနှင့် ပြည့်စုံအောင် ကြိုးစားကြရန်၊ မိမိတို့၏ အဖိုးတန်ထက်မြက်လှသည့် စွမ်းရည်များကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတာဝန်များကို လက်ဆင့်ကမ်းပခုံးပြောင်းတာဝန်ယူနိုင်သည့်၊ နိုင်ငံတော်က အားကိုအားထားပြုနိုင်သည့် နိုင်ငံ့ရတနာ လူချွန်၊ လူကောင်းများဖြစ်လာအောင် ကြိုးစားလေ့ကျင့်ပျိုးထောင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ထူးချွန်ဆု နှင့် ရွှေတံဆိပ်ဆုရထူးချွန်လူငယ်မောင်မယ်များဖြစ်ကြသည့် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့်(၂၇)ကြိမ်မြောက် အထက်တန်းကျောင်းသားများ အနုပညာပွဲတော်တွင် မြန်မာနိုင်ငံကိုယ်စားပြု ပန်းချီထူးချွန်ပညာရှင် (Winner ဆု)ရရှိခဲ့သည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (မုဒုံ)မှ Grade-11 ကျောင်းသူ မသော်တာဦး၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် UNESCAP Asia – Pacific Trade Facilitation Forum X Paperless Trade Week-2026 တွင် အဆိုပြုတင်သွင်းလွှာ အာရှအဆင့် အကောင်းဆုံးဆု(The Best Position Paper Award) ရရှိခဲ့သည့် Naypyitaw State Academy နိုင်ငံတကာဆက်ဆံရေးပညာ ဒုတိယနှစ်မှ မချမ်းမြေ့လဝန်းသန့်၊ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် HONDA Y.E.S (Young Engineer and Scientist’s) Award 2025 တွင် မြန်မာနိုင်ငံကိုယ်စားပြု ထူးချွန်အင်ဂျင်နီယာကျောင်းသူ(Winner ဆု)ရရှိခဲ့သော ME (Arch) (Coursework) မှ မခြူးကေခိုင်ကျော်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် 17th SEA U 18 & U 20 Athletics Championships လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် 14th ASEAN School Game လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ စင်္ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သည့် 68th Singapore Open Track & Field Championships လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုတို့ရရှိခဲ့သည့် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ Grade-12 ကျောင်းသား မောင်ချစ်မင်းအောင်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ ထိုင်လျက်ဘောလီဘောပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ရဲတပ်ကြပ် သူရအောင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။


ထို့နောက် ကုလမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ပေးပို့သည့်သဝဏ်လွှာကို လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းက ဖတ်ကြားတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှက်လက်ဆောင်ကို နေရာအရောက်ဂါရဝပြုပေးအပ်သည်။ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် လူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် မချမ်းမြေ့လဝန်းသန့်က ကျေးဇူးတင်စကားပြောကြားပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက “အနာဂတ်လူငယ် ထွန်းတောက်ကြယ်” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက၍ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ နိုင်ငံတော်သမ္မတက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ လူငယ်စွန့်ဦးတီထွင်သူများ၏ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။


