

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။
Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) နှင့် တရုတ်အာကာသယာဉ်မှူးစင်တာ (ACC) တို့ တည်ရှိရာ နေရာလည်းဖြစ်သည်။
လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် အာကာသပြတိုက်၌ ပြသထားသည့် အာကာသယာဉ်များ၏ ပြန်လည်ဆင်းသက်လာသော အစိတ်အပိုင်းများ၊ အပူချိန် ၂,၀၀၀ ဒီဂရီစင်တီဂရိတ်ခန့်အထိ ခံနိုင်ရည်ရှိသည့် အပူကာကွယ်ရေးစနစ်များနှင့် အာကာသယာဉ်များ ကမ္ဘာမြေသို့ ပြန်လည်ဝင်ရောက်ဆင်းသက်သည့် နည်းပညာများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံက နှစ်စဉ်လွှတ်တင်ခဲ့သည့် အာကာသမစ်ရှင်များနှင့် ဂြိုဟ်တုလွှတ်တင်မှုမှတ်တမ်းများကို သုံးဖက်မြင် (3D) ပုံစံများဖြင့် ပြသထားပြီး အနာဂတ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အာကာသသုတေသနကဏ္ဍတွင် လက်တွဲဆောင်ရွက်နိုင်ရေး မျှော်မှန်းထားကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လေ့လာရေးအစီအစဉ်အတွင်း တရုတ်နိုင်ငံ၏ BeiDou-3 ဂြိုဟ်တုအခြေပြု တည်နေရာပြစနစ် (BDS-3) ဆိုင်ရာ နည်းပညာများကိုလည်း ပြသခဲ့သည်။ အဆိုပါစနစ်သည် ကမ္ဘာပတ်လမ်းအတွင်း ဂြိုဟ်တုအစုအဖွဲ့များဖြင့် လည်ပတ်နေသော ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်နှင့် တည်နေရာပြစနစ်ဖြစ်ပြီး ရေကြောင်းသွားလာမှု၊ ငါးဖမ်းလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် တိကျသော တည်နေရာအချက်အလက်များ ပံ့ပိုးပေးနိုင်ကြောင်း သိရသည်။
ထို့အပြင် အာကာသယာဉ်များနှင့် ဂြိုဟ်တုများတွင် အသုံးပြုသည့် အဆင့်မြင့် အာရုံခံစနစ်များ (Sensors) နှင့် အဝေးမှ အချက်အလက်ပေးပို့နိုင်သည့် နည်းပညာများကိုလည်း ရှင်းလင်းပြသခဲ့ပြီး ယင်းနည်းပညာများကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အသုံးချနိုင်မည့် အခြေအနေများကို မိတ်ဆက်တင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ပြန်လည်ဆင်းသက်လာသော ဂြိုဟ်တုနှင့် အာကာသယာဉ် နမူနာပစ္စည်းများ ပြသထားသည့် ပြခန်းများကိုလည်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
