
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် သုံးထပ်လူနေအဆောက်အအုံ လေးလုံးကို ထပ်မံဖြိုချခဲ့ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား ဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၁ ရက်တွင် ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ တရားမဝင် သုံးထပ်လူနေအဆောက်အအုံ လေးလုံးကို ထပ်မံ၍ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံအလုံး ၂၀ ဟူ၍ အဆောက် အအုံ အမျိုးအစားအလိုက် ခွဲခြား သတ်မှတ်ပြီး ဖြိုချဖျက်ဆီးလျက်ရှိပြီး ဇွန် ၁၁ ရက်တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် သုံးထပ် လူနေအဆောက်အအုံ လေးလုံးကို ယာဉ်ယန္တရားများ အသုံးပြု၍ ထပ်မံဖြိုချဖျက်ဆီးခဲ့ရာ စုစုပေါင်းအဆောက်အအုံ ၅၆ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက် အအုံ ၂၁ လုံးကိုလည်း ဆက်လက်၍ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
