အီဘိုလာ ကာကွယ်ဆေးထွက်ရန် အချိန်ကိုးလခန့် ကြာမြင့်နိုင်ဟု WHO ထုတ်ပြန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ယခု မျိုးဗီဇပြောင်း အီဘိုလာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးထွက်ရန် ကိုးလအထိ အချိန်ကြာမြင့်နိုင်ကြောင်း သိရသည်။ ဘွန်ဒီဘူညို အီဘိုလာဗိုင်းရပ်စ်မျိုးစိတ်အား တိုက်ဖျက်နိုင်မည့် အလားအလာရှိ ကာကွယ်ဆေးနှစ်မျိုးကို ဖော်စပ်နေသော်လည်း လူသားများနှင့် လက်တွေ့စမ်းသပ်မှုအဆင့်သို့ မရောက်သေးကြောင်း WHO ၏အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဗက်ဆီမော်သီက မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

WHO က အီဘိုလာရောဂါကို နိုင်ငံတကာ စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အဆင့်အထိတော့ မရောက်သေးကြောင်း ​ကြေညာခဲ့သည်။

“ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ကူးစက်မှုပမာဏဟာ အရင်ကထက် အဆမတန် ပိုမိုကြီးမားနေတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်” ဟု WHO အကြီးအကဲက ပြောကြားခဲ့ပြီး သေဆုံးသူများထဲ ကျန်းမာရေးဝန်ထမ်းများ ပါဝင်နေသည့်အတွက် အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း ဖြည့်စွက်ပြောခဲ့သည်။ဗြိတိန်အစိုးရက အီဘိုလာကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ကွန်ဂိုအား ဗြိတိန်ပေါင် သန်း ၂၀ အထိ ကူညီပံ့ပိုးပေးမည်​ဖြစ်သည်။

အီဘိုလာသည် ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်သည့် အရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ အရေပြား ပွန်းပဲ့ပြတ်ရှနာများမှတစ်ဆင့် ကူးစက်တတ်ပြီး ပြင်းထန်စွာ သွေးယိုစီးခြင်းနှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်သည်။

အီဘိုလာကို ၁၉၇၆ ခုနှစ်တွင် ကွန်ဂို၌ ပထမဆုံး စတွေ့ခဲ့ပြီး လင်းနို့များမှတစ်ဆင့် ပြန့်ပွားခဲ့သည်ဟု ယူဆကြသည်။ လူသားများကို အီဘိုလာဖြစ်ပွားစေနိုင်သည့် ဗိုင်းရပ်စ်မျိုးစိတ် လေးမျိုးရှိကြောင်း သိရသည်။ လက်ရှိကွန်ဂိုသည် ၁၇ ကြိမ်မြောက် အီဘိုလာကူးစက်မှုလှိုင်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ကနဦးလက္ခဏာများက ကွန်ဂိုတွင် အဖြစ်များလေ့ရှိသည့် ငှက်ဖျားရောဂါ၊ တိုက်ဖွိုက်တို့နှင့်လည်း ဆင်တူနေတတ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *