လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး

အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ တောတောင်တွေထဲမှာ လှုပ်ရှားနေတဲ့ Maoist သူပုန်အဖွဲ့အနေနဲ့ လက်နက်ချတာမျိုး မလုပ်ဆောင်ပါက အပြီး သတ်ချေမှုန်းမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ(၂၀)ရက်နေ့မှာ သတိပေးပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာ Maoist သူပုန်အဖွဲ့ရဲ့ ဆယ်စုနှစ်ကျော်ကြာသောင်းကျန်းမှုတွေအတွင်း လူပေါင်း(၁)သောင်းကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူပုန်အဖွဲ့ရဲ့ သောင်းကျန်းမှုတွေဟာ သိသိသာသာကျဆင်းသွားခဲ့ပြီး အိန္ဒိယစစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ယခုနှစ်ပထမ(၆)လအတွင်း သူပုန်အနည်းဆုံး(၁၆ဝ)ကျော် သေဆုံးခဲ့တယ်လို့ အစိုးရရဲ့ဒေတာအချက်အလက်တွေအရသိရပါတယ်။

ပြည်ထဲရေးဝန်ကြီးအက်မစ်ရှာက “အခြားအဖွဲ့တွေလည်း ငြိမ်းချမ်းရေးလမ်းကြောင်းကို ဝင်ခဲ့ကြပြီးပါပြီ။ Maoist သူပုန်အဖွဲ့အနေနဲ့လည်း အဲဒီလိုပဲလုပ်သင့်ပါတယ်။ လက်နက်ချ အညံ့ခံကြပါ။ လက်နက်ချအညံ့မခံဘူးဆိုရင် အပြီးသတ်ချေမှုန်းမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရှင်းလင်းရေးစစ်ဆင်ရေးတွေကို ၂ဝ၂၆ ခုနှစ် အစောပိုင်းမှာ လုပ်ဆောင်ဖို့ မျှော်မှန်းထားတယ်လို့ အက်မစ်ရှာက ပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်း နဲ့ အရှေ့ပိုင်းပြည်နယ်တို့ကို ပိုမိုပျံ့နှံ့လာတဲ့ Maoist သူပုန်တွေကို တိုက်ခိုက်ဖို့အတွက် ထောင်နဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အိန္ဒိယအစိုးရက ဖြန့်ကျက်ချထားခဲ့တယ်လို့လည်း သိရပါတယ်။

Naxalites လို့ လူသိများပြီး ကျေးလက်ဆင်းရဲသားတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ Maoist သူပုန်တွေဟာ ၁၉၆၇ ခုနှစ်ကတည်းက ပြောက်ကျားတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။