အပိုင်း(၁)
“အောင်ကိုမင်းရေ ဟေး . . . အောင်ကိုမင်း၊ မင်းဘယ်မှာလဲ ငါတို့အသံကြားလား၊ ကြားရင် ပြန်ထူးဟေ့၊ ဟေး . . . အောင်ကိုမင်းရေ”
အမှောင်ထုအတွင်း အိပ်မောကျနေသော တပ်ရင်းဌာနချုပ်၏ တိတ်ဆိတ်မှုကို ဆူဆူညံညံအသံ များက ဖျက်ဆီးပစ်လိုက်ကြသည်။ တကယ်တမ်း သည်လိုအချိန်က တပ်ရင်းရှိ အဆင့်အတန်းအားလုံး လွတ်လပ်စွာပျော်မြူးပြီး သာသာယာယာအနားယူနေကြသည့်အချိန်ကာလပင်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ရှေ့တန်းစစ်ဆင်ရေးကာလပြီးဆုံး၍ နောက်တန်းသို့ ပြန်လည်ဝင်ရောက်စုဖွဲ့ချိန်နှင့် နှစ်သစ်ကူးအတာသင်္ကြန်တို့ တိုက်ဆိုင်နေသောကြောင့်ပင် ဖြစ်ချေ၏။
တပ်ရင်းရှိ အရာရှိ၊ စစ်သည်တို့မှာ စစ်ဆင်ရေးကာလကြာရှည်သောကြောင့် နှစ်ပေါက်အောင် မကြုံခဲ့ရသည့်သင်္ကြန်ကာလကို အထူးပျော်ရွှင်စွာ ဖြတ်သန်းနေကြချိန်လည်းဖြစ်သည်။ နေ့ဘက်၌ တပ်ရင်းမဏ္ဍပ်တွင် ရေကစားကြပြီး ညအချိန်၌ တပ်ရင်းယိမ်းအကအဖွဲ့တို့က ဖျော်ဖြေကြရာ တပ်ရင်း တစ်ရင်းလုံး ပျော်မဆုံးကြ။ သို့သော် တစ်နေ့တာ ရေကစားချိန်ပြီး၍ အားလုံးအနားယူချိန်ကျမှ ဆူညံ ဆူညံအသံများက တပ်ရင်းကိုလှုပ် နှိုးနေသကဲ့သို့ပင်။
+++++
“ဆရာကြီးစိုးမင်း ခင်ဗျား ညနေက အောင်ကိုမင်းကိုတွေ့ခဲ့ တာ သေချာတယ်နော်”
“သေချာတယ် ဗိုလ်ကြီး၊ မဏ္ဍပ်ဘေးမှာ ရေပိုက်ကိုင်ပြီး ရေပက်နေတာ၊ မူးတာတော့မူးနေတယ်၊ အင်္ကျီမပါလို့ ဖျားနေမယ်ဆိုပြီး အပိုပါလာတဲ့ ကျွန်တော့်စွပ်ကျယ်တောင် သူ့ကို ဝတ်ဖို့ပေးခဲ့လိုက် သေးတယ်”
တာဝန်မှူးဖြစ်သူ ဗိုလ်ကြီးမျိုးမင်းသူက တာဝန်ကြပ်ကြီးကို သေချာအောင်မေးတော့ သူကလည်း အသေအချာပြန်ပြောသည်။ သည်လိုဆို ညနေအထိရှိနေပြီး ည ၉ နာရီ လူပျိုစစ်သည်ရိပ်သာ လူစစ် တန်းစီချိန်မှ ပျောက်သွားခြင်းပေပေါ့။
မည်သို့ပင်ဖြစ်စေ တွေ့အောင်တော့ ရှာရပေမည်။ တစ်နေကုန် ရေကစားထားပြီး ယမကာအရှိန်ဖြင့် တွေ့ရာနေရာသွားအိပ်နေလျှင် မဖြစ်သင့်တာဖြစ်ကုန်မှာ စိုးရသည်။
“ဗိုလ်ကြီးရေ နေရာတွေလဲနှံ့နေပြီ၊ တပ်ရင်းနောက်ကဘန်ကာကင်းအထိ လိုက်ရှာပြီးပြီ၊ ဘယ်မှာမှ မတွေ့ဘူး၊ ဘယ်လိုလုပ်မလဲ”
တပ်ရင်းတာဝန်ကြပ်ကြီးဖြစ်သူ တပ်ကြပ်ကြီးစိုးမင်းက သူ့ကို လာသတင်းပို့တော့ တာဝန်မှူးအရာရှိ လည်းဖြစ်၊ ပျောက်ဆုံးနေသူ တပ်သားအောင်ကိုမင်း၏ တပ်ခွဲမှူးလည်းဖြစ်သူ ဗိုလ်ကြီးမျိုးမင်းသူ တစ်ယောက် လေပူကြီးတစ်ချက်ကိုသာ ခပ်ပြင်းပြင်းမှုတ်ထုတ်ပစ်လိုက်မိသည်။
“ဟူး . . . ခက်တာပဲဗျာ၊ ခါတိုင်း ဒီကောင် ဘယ်မှမသွားတတ်ပါဘူးဗျာ၊ ဘယ်လောက်မူးမူး ဘားတိုက်တော့ ရောက်အောင် ပြန်အိပ်ပါတယ်၊ ကျွန်တော်ဆို အမြဲတမ်းလိုလို ခြင်ထောင်ထောင်ခိုင်း၊ စောင်ခြုံခိုင်းပြီး စိတ်ချရလောက်မှ ရိပ်သာပြန်တာ၊ ခုကျမှဗျာ . . .”
“ဟုတ်တယ်ဗိုလ်ကြီး၊ ဒီကောင် ခြေထောက်တစ်ဖက်မရှိမှ နေ့ရောညပါ သောက်တာစိပ်စိပ် လာတယ်၊ အရင်က သိပ်မသောက်နဲ့လို့ ကျွန်တော်ပြောရင်ရတာတောင် အခုဆို သိပ်နားမထောင်တော့ဘူး၊ ခြေထောက်တစ်ချောင်းတောင်ပေးထားတာ ဘာမှမက်မောစရာမရှိဘူး ဘာညာနဲ့ ပြန်ပြန်ပြောတတ်လာ တယ်”
“အင်း . . . ခက်တာပဲဗျာ၊ တစ်နေရာရာမှာ အိပ်နေတာပဲဖြစ်မှာပါ၊ မနက်ကျရင်တော့ သေချာ ပေါက်တွေ့မှာပဲ၊ ဒီကောင် ဘယ်လောက်မူးမူး တန်းစီတဲ့အချိန်တိုင်း ဘယ်တော့မှ မပျက်ဖူးပါဘူး”
ဗိုလ်ကြီးမျိုးမင်းသူက တာဝန်ကြပ်ကြီးနှင့်အဖွဲ့ကို နားခိုင်းလိုက်ပြီး တပ်ရင်းရုံးရှိ တာဝန်မှူးရုံးခန်း ထဲပြန်လာတော့ ညသန်းခေါင်ကျော် ၁၂ နာရီပင်ခွဲချေပြီ။ တာဝန်ကြပ်ကြီးတို့အဖွဲ့ကတော့ ဗဟိုကင်းတွင်ပင် အသင့်ရှိနေကြလိမ့်မည်။ တပ်သားအောင်ကိုမင်း ပျောက်ဆုံးနေသည့်ကိစ္စကို တပ်ရေးဗိုလ်ကြီးနှင့် ဌာနချုပ်တပ်ခွဲမှူးတို့အား သတင်းပို့လိုက်ပြီး ခုတင်ပေါ်လှဲလိုက်မိတော့ သူနှင့်တပ်သားအောင်ကိုမင်းတို့ အတူတွေ့ဆုံ လက်တွဲခဲ့ကြပုံများက စိတ်အာရုံကြေးမုံပြင်တွင် ပြက်ပြက်ထင်ထင် ထင်ဟပ်လာလျက်။
+++++
“သမီးကို သူမိုက်မိုက်ရိုင်းရိုင်းပြောတာ ဗိုလ်ကြီး”
“ငါက ဘာမိုက်ရိုင်းလို့လဲ၊ နင်သာ ချစ်ဖြိုးဝေကို မိုက်မိုက်ရိုင်းရိုင်းပြောလို့ ငါက ကြားကနေ ဝင်ပြောတာ”
“တော်တော့ အောင်ကိုမင်း၊ ငါမေးမှဖြေ၊ မမေးဘဲ ဝင်မပြောနဲ့”
တပ်သားသစ်သင်တန်းဆင်းခါစ အောင်ကိုမင်းမှာ တပ်သို့ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းတော့ သည်။ တပ်ရင်းအရာခံဗိုလ်၏သမီးဖြစ်သူသီတာမိုးနှင့်မှ ပြဿနာတက်လာလေသည်။ သီတာမိုးက တက္ကသိုလ်ဒုတိယနှစ်တက်နေသူဖြစ်ပြီး တပ်ရင်းရှိ မှီခိုသူသားသမီးများထဲတွင် အလှဆုံးဟုဆိုနိုင်သူဖြစ် သည်။ ငယ်ရွယ်သောအရွယ်ဂုဏ်နှင့် လှပမှုဂုဏ်တို့ကြောင့် အနည်းငယ်မာန်ကြွကာ သူ့ကို လိုက်ပြီး စနောက်သောတပ်ရင်းရှိ စစ်သည်များနှင့် မကြာခဏ ပြဿနာဖြစ်တတ်သည်။
ယခုလည်း ဗိုလ်ကြီးမျိုးမင်းသူတပ်ခွဲသို့ ရောက်ရှိလာသော ရဲဘော်သစ်ဖြစ်သူ တပ်သားအောင် ကိုမင်းနှင့် လှပစွာဆုံစည်းခဲ့လေပြီ။ သီတာမိုးက အဖေဖြစ်သူ တပ်ရင်းအရာခံဗိုလ်ထံ လာရောက်တိုင်ကြား ချိန်တွင် တပ်ခွဲမှူးဖြစ်သူကသိသွားပြီး အောင်ကိုမင်းနှင့် ချစ်ဖြိုးဝေကိုခေါ်ကာ မျက်နှာစုံညီဖြေရှင်းနေကြ ခြင်းဖြစ်သည်။
ဗိုလ်ကြီးမျိုးမင်းသူက အောင်ကိုမင်းအား ဟန့်လိုက်ပြီး ချစ်ဖြိုးဝေဘက်လှည့်၍ အကြောင်းစုံမေးမြန်း လိုက်သည့်အခါ . . .။
+++++
မနက်ခင်း တပ်ရင်းလုပ်အားပေးဆောင်ရွက်ပြီး နေ့လယ်စာထမင်းစားရန် လူပျိုစစ်သည်ရိပ်သာ သို့ပြန်လာသောအောင်ကိုမင်းနှင့် ချစ်ဖြိုးဝေတို့ တပ်ရင်းကုန်စုံဆိုင်နားသို့အရောက် ဈေးဝယ်ရန်လာသော သီတာမိုးနှင့် ဆုံမိကြသည်။ ချစ်ဖြိုးဝေက အာသွက်လျှာသွက်နှင့် ခြေသွက်လက်သွက်ရှိလေတော့ ကောင်မလေးချောချောမောမောတွေ့သည်နှင့် ဇာတိကပြလာတော့သည်။
“ဟိတ် – ရွှတ် . . . ရွှတ်”
သီတာမိုး၏မျက်စောင်းတစ်ချက်က ချစ်ဖြိုးဝေဆီအရောက်-
“ဟိုကောင်မလေး ငါ့ကိုကြည့်… Peace…”
စပ်ဖြီးဖြီးမျက်နှာပေးဖြင့် ချစ်ဖြိုးဝေလေသံအဆုံး သီတာမိုး၏ ပါးစပ်သေနတ်ဖြင့် တွေ့လေသည်။
“နင်က ငါ့ကို ဘယ်လိုမိန်းမမှတ်နေလဲ၊ စတာနောက်တာ လူကြည့်စ၊ နင်တို့လို အဆင့်မရှိတဲ့ တပ်သားလောက်နဲ့ တက်မလာနဲ့ ကြားလား၊ လူကြည့်တော့ မနေ့တစ်နေ့ကမှ ပဲဟင်းစားဖူးတဲ့ အကောင်တွေကများ ငါ့လာစနေသေးတယ်”
မထင်မှတ်ထားသောစကားလုံးတို့ဖြင့် ပစ်ပေါက်ခံလိုက်ရသည့် ချစ်ဖြိုးဝေခမျာ ပါးစပ်အဟောင်း သားနှင့် ဘာမှပြန်မပြောနိုင်ဖြစ်နေစဉ် ဘေးနားရှိ အောင်ကိုမင်းက ဝင်ပြောတော့သည်။
“ငါတို့ကိုအဆင့်မရှိဘူးပြောရအောင် နင့်အဆင့်က ဘာမို့လို့လဲ၊ နင့်အဆင့်က ဘယ်လောက်တောင် မြင့်မားနေလို့လဲ၊ လူငယ်သဘာဝ စတာနောက်တာပဲ ဘာဖြစ်လဲ၊ ဘာများနစ်နာသွားလို့လဲ၊ နင့်အဖေ RSM တောင် ငါတို့လိုတပ်သားဘဝကဖြတ်ရတာ ရှင်းလား၊ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်မနေနဲ့၊ မာန်တက် မနေနဲ့ကြားလား”
အောင်ကိုမင်းက ဒိုးဒိုးဒေါက်ဒေါက်ပြောချလိုက်ပြီး ချစ်ဖြိုးဝေကိုဆွဲခေါ်ကာ လှည့်ထွက်သွားသည့် အခါ သီတာမိုးတစ်ယောက် မျက်နှာနီရဲလျက် ဒေါသတကြီးဖြင့် သူ့အဖေရှိရာ တပ်ရင်းရုံးသို့ မပြေးရုံ တစ်မည် သွားလေတော့သည်။
အပိုင်း(၂ )ဆက်လက် ဖော်ပြပါမည်။