“ ပုရတ္ထိမေန ဓတရဋ္ဌော ၊ ဒက္ခိဏေန ဝိရုဠကော။ ပစ္ဆိမေန ဝိရုပက္ခော ၊ ကုဝေရော ဥတ္တရံဒိသံ ” လို့
အာဋာနာဋိယသုတ်မှာ ဟောတော်မူသည့် အတိုင်း မြင်းမိုရ်တောင်ရဲ့ အရှေ့မျက်နှာ ၊ အလျား အနံ ယူဇနာ တစ်ထောင်ကျယ်တဲ့ နတ်မြို့မှာ
ဓတရဋ္ဌနတ်မင်းကြီးနေတယ်။ဂန္ဓဗ္ဗခေါ်တဲ့ ကချေသည် နတ်များနှင့် မြင်းမိုရ်တောင်ရဲ့ အရှေ့ဘက် စကြာဝဠာအတွင်း နေထိုင်ကြတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး၊ နတ်အမျိုးမျိုးတို့ကို အစိုးရတယ်။
ဝိရုဠကနတ်မင်းက ~~~
မြင်းမိုရ်တောင်ရဲ့ တောင်မျက်နှာအရပ် အလျား အနံ ယူဇနာ တစ်ထောင်စီကျယ်တဲ့ နတ်မြို့မှာနေတယ်။
ကုမ္ဘဏ်မျိုးဖြစ်တဲ့ နတ်များနှင့် မြင်းမိုရ်တောင်ရဲ့ တောင်ဘက် စကြာဝဠာအတွင်း နေထိုင်ကြတဲ့ နတ်အမျိုးမျိုးတို့ကို အစိုးရတယ်။
ဝိရူပက္ခနတ်မင်းက ~~~
မြင်းမိုရ်တောင်ရဲ့ အနောက် မျက်နှာအရပ် အလျား အနံ ယူဇနာ တစ်ထောင်စီ ကျယ်ဝန်းတဲ့ နတ်မြို့မှာ နေထိုင်တယ်။
မြင်းမိုရ်တောင်ရဲ့ အနောက်ဘက် စကြာဝဠာအတွင်း နေထိ်ုင်ကြတဲ့ နတ်နဂါးနှင့် အခြားနတ်အမျိုးမျိုးကို အစိုးရတယ်။
ကုဝေရနတ်မင်းက ~~~
မြင်းမိုရ်တောင်ရဲ့ မြောက်မျက်နှာအရပ်
အလျား အနံ ယူဇနာ တစ်ထောင်စီကျယ်ဝန်းတဲ့ နတ်မြို့မှာ နေထိုင်တယ်။
မြင်းမိုရ်တောင်ရဲ့ မြောက်ဘက် စကြာဝဠာအတွင်း နေထိုင်ကြတဲ့ နတ်ဘီလူးများနှင့်တကွ နတ်အမျိုးမျိုးတို့ကို အစိုးရတယ်။
ဒီ စာတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့ဟာ လောကကို စောင့်ရှောက်တတ်လို့ “ လောကပါလ နတ်မင်းကြီးလေးပါး ” လို့ ခေါ်ရတယ်။
ပရိတ်ကြီးပါဠိမှာလည်း “ စတ္တာရော တေ မဟာရာဇာ၊ လောကပါက ယသဿိနော ” လို့ ပြဆိုထားတယ်။
ဒီနေရာမှာ နတ်မင်းကြီးလေးပါးတို့ကို
လောကကို စောင့်တယ်သာ ဆိုတယ်။
ဦးဘခိုင် လျှောက်ထားသလို သာသနာတော်ကို စောင့်တယ်လို့ မဆိုဘူး။
လောကကို စောင့်ခဲ့သော် ဘယ်လောကကို စောင့်တာလဲ?၊
လူ့လောကကို စောင့်တာလား?၊
နတ်လောကကို စောင့်တာလား?၊
သာသနာလောကကို စောင့်တာလား ? လို့ မေးစရာ ပေါ်လာတယ်။
သည်အဖြေကိုတော့ (၅၅ဝ) – ဧကနိပါတ်၊ ကုလာဝကဇာတ်မှာ ဟောထားတာ ရှိတယ်။
မြင်းမိုရ်တောင်အောက်မှာ နေကြတဲ့ အသူရာများဟာ သခွတ်ပွင့်ချိန် ရောက်ခဲ့လျှင် တာဝတိံသာနတ်များက သူတို့ကို ရက်စက်တာကို တွေးမိပြီး မကျေနိုင်ကြလို့ စစ်သည်အလုံးအရင်းနှင့် တာဝတိံသာကို တက်ပြီး စစ်ပြုကြတယ်။
အသူရာတို့ ဘေးရန်ကို ကာကွယ်ရန် အသူရာပြည်နှင့် တာဝတိံသာ အကြားမှာ အစောင့်အရှောက် ငါးရပ် ချထားတယ်။
အဲသည် အစောင့်အရှောက် ငါးရပ်ကို မြင်းမိုရ်တောင်ရဲ့ အာလိန်ငါးဆင့်လို့ ခေါ်ကြတယ်။
သည်အကြောင်းကို ကုလာဝက ဇာတ်တော်မှာ
“အန္တရာ ဒွိန္နံ အယုဇ္ဇျပုရာနံ ပဉ္စဝိဓာ ဌပိတာ အဘိရက္ခာ၊ ဥရဂေါ ကရောဋိ ပယဒဘာရီ မဒ္ဓနယုတ္တာ စတုရော မဟတ္တာ ” လို့ ဟောတော်မူတယ်။
“ဒွိန္နံ – နှစ်ပါးကုန်သော။အယုဇ္ဇျပုရာနံ – စစ်ထိုး၍ အောင်မြင်ခြင်းငှာ မတတ်နိုင်ကုန်သော တာဝတိံသာနှင့် အသူရာပြည်တို့၏။
အန္တရာ – အကြား၌။
ဥရဂေါ – နဂါးလည်းကောင်း။
ကရောဋိ – ဂဠုန်လည်းကောင်း။
ပယဒဘာရီ – ကုမ္ဘဏ်လည်းကောင်း။
မဒ္ဓနယုတ္တာ – ဘီလူးလည်းကောင်း။
စတုရော မဟတ္တာ – မဟာရာဇ်နတ်မင်းကြီး လေးယောက်တို့လည်းကောင်း။
ဣတိ – ဤသို့။
ပဉ္စဝိဓာ – ငါးပါးအပြားရှိကုန်သော။
အဘိရက္ခာ – အစောင့်အရှောက်တို့ကို။
သက္ကေန – သိကြားမင်းသည်။
ဌပိတာ – ထားအပ်ကုန်၏ ” တဲ့။
သည် ကုလာဝကဇာတ်တော်ရဲ့ အလိုအရဆိုလျှင် စာတုမဟာရာဇ်စတဲ့ အာလိန်ငါးဆင့်တို့ဟာ တာဝတိံသာနတ်ပြည်အတွက် ခံတပ်မြို့၊ ကင်းမြို့များသာ ဖြစ်ကြတယ်။
ဒါကြောင့် စာတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့ လောကကို စောင့်တယ်ဆိုတာဟာ တိုက်ရိုက်အားဖြင့် တာဝတိံသာနတ်ပြည်လောကကို စောင့်နေကြခြင်းဖြစ်တယ်။
သာသနာတော်ကို စောင့်နေကြတာ မဟုတ်ပါဘူး။
သို့သော်လည်း မည်သည့်ဘာသာဝင်ဖြစ်စေ မိမိတို့ ကိုးကွယ်ရာဘာသာကို စောင့်ရှောက်တတ်ကြသလို စာတုမဟာရာဇ် နတ်မင်းကြီးများလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြလို့ ဗုဒ္ဓသာသနာကို အထိုက်အလျာက် စောင့်ရှောက်ကြပါတယ်။
သည်အကြောင်းကို သုတ်ပါထိက
အာဋာနာဋိယသုတ်မှာ ဟောထားတာ ရှိပါတယ်”
“အာဋာနာဋိယသုတ်မှာ ဘယ်လို ဟောပါသလဲ ဘုရား”
“မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဂိဇ္စျကုဋ်တောင်မှာ သီတင်းသုံးတော်မူစဉ်က နတ်မင်းကြီး လေးပါးတို့ဟာ အခြံအရံ ပရိသတ်နှင့် အတူတကွ လာရောက် ဖူးမြော်ကြတယ်။
လာရောက် ဖူးမြော်ရင်း ကုဝေရနတ်မင်းက
“အရှင်ဘုရား ရတနာသုံးပါးကို မကြည်ညိုကြတဲ့ နတ်တွေ၊ ဘီလူးတွေ ရှိကြပါတယ်။
သည် နတ်တွေ၊ ဘီလူးတွေဟာ ရတနာသုံးပါးကို ကြည်ညိုသူများနှင့် မတည့်ကြပါဘူး။
ရတနာသုံးပါး ကြည်ညိုသူကို ရန်ပြုတတ်ကြပါတယ်။
မိစ္ဆာဒိဋ္ဌိ နတ်ဘီလူးများ အန္တရာယ် မပြုနိုင်အောင် အာဋာနာဋိယသုတ် အစောင့်အရှောက်ကို လျှောက်ထားပါရစေ ” ဆိုပြီး အာဋာနာဋိယသုတ်တော်ကို လျှောက်ထားတယ်။
သည်သုတ်ကို လျှောက်ထားသူကတော့ ကုဝေရအမည်ရှိတဲ့ ဝေဿဝဏ်နတ်မင်းပဲ။
သို့သော်လည်း ကျန်တဲ့ စာတုမဟာရာဇ် နတ်များလည်း အတူတကွ လာရောက်ကြပြီး ဖြစ်လို့ နတ်မင်းကြီးလေးပါးစုံ လျှောက်ထားတယ် လို့ ဆိုနိုင်ပါတယ်။
ဒါကြောင့် အာဋာနာဋိယသုတ်ဟာ ဘီလူးတို့ကို အစိုးရတဲ့ ကုဝေရနတ်မင်းရဲ့ အာဏာသာ မကဘူး။
ဂန္ဓဗ္ဗနတ်တို့ကို အစိုးရတဲ့ ဓတရဋ္ဌနတ်မင်း။
ကု မ္ဘဏ်နတ်တို့ကို အစိုးရတဲ့ ဝိရုဠကနတ်မင်း။ နဂါးမျိုးတို့ကို အစိုးရတဲ့ ဝိရူပက္ခနတ်မင်း တို့ရဲ့ အာဏာလည်း ပါဝင်တယ်။
နတ်မင်းကြီးလေးပါးတို့ရဲ့ အာဏာပါဝင်လို့ အာဋာနာဋိယသုတ် ရွတ်ဖတ် သရဇ္စျာယ်နေသူကို ဘီလူးတွေ၊နတ်စိမ်းတွေ၊သရဲတွေ၊နဂါးတွေ၊ မြွေဆိုးတွေကလည်း မနှိပ်စက်နိုင်ဘူး လို့ သုတ်တွင်းမှာ ပါတယ်။
ဒီလို မနှိပ်စက်နိုင်အောင် အကာအကွယ် အစောင့်အရှောက်ပေးတဲ့ အတွက်
(လောကပါလ နတ်မင်းကြီး လေးပါး) လို့ ခေါ်ကြရတာပေါ့ကွယ်” ။
“လောကပါလ နတ်မင်းကြီးလေးပါးက
လူတွေအပေါ် စောင့်ရှောက်တာဟာ ဒါမျှပဲလား ဘုရား”
“ဒါမျှ မကသေးပါဘူး။
အချို့သော ကျောင်းတိုက်တာတွေမှာ စာသင်သားတို့ရဲ့ နေ့စဉ် ကိုယ်ရေးရာဇဝင်ကို မှတ်တမ်းတင်သလို စာတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့ဟာလည်း နောက်လိုက် နောက်ပါ နတ်သားများနှင့် အတူ လူ့ပြည်ကို လှည့်ပြီး ကောင်းမှုစာရင်း ကောက်ယူကြသေးသတဲ့ကွယ်”
“မှန်ပါ၊ အဲသည်အကြောင်း အနည်းငယ် အကျယ်ချဲ့ပြီး ပြောပြပါဦး ဘုရား”
“သုတ်မဟာဝါ အဋ္ဌကထာ (၂၄၃) မှာ ဖွင့်ဆိုတာက တာဝတိံသာနတ်ပြည်မှာ တစ်လလျှင် ရှစ်ရက် တရားနာရန် ကြွေးကြော်သတဲ့ကွယ်။
တာဝတိံသာနတ်ပြည်မှာ ဘယ်သူတွေ တရားဟောသလဲ ဆိုတော့ သုဓမ္မာ အစည်းအဝေးချိန် ရောက်လျှင် တစ်ခါတစ်ရံ သိကြားမင်းကိုယ်တိုင် ဟောတယ်။
တစ်ခါတစ်ရံ ဓမ္မကထိက ရဟန်းတော်တစ်ပါးပါး ကြွရောက်ပြီး ဟောတယ်။
တစ်ခါတစ်ရံ အမျိုးအမည် မထင်ရှားသော ဓမ္မကထိက နတ်သားက ဟောတယ်။
လဆန်း ရှစ်ရက်၊လဆုတ် ရှစ်ရက်နေ့များမှာ စာတုမဟာရာဇ်နတ်မင်းတို့ရဲ့ အမတ်များ လူ့ပြည်ကို ဆင်းပြီး စာရင်းကောက်ယူကြရတယ်။
စာရင်းကောက်ဖို့ အတွက် ရွှေပြားနှင့် ဟင်္သပြဒါးကို ယူသွားကြတယ်။
ဤမည်သော ယောက်ျား၊ဤမည်သော မိန်းမဟာ ရတနာသုံးပါးကို ဆည်းကပ်တယ်။
ငါးပါးသီလကို စောင့်ထိန်းတယ်။
ဥပုသ်နေ့ ရောက်လျှင် ဥပုသ်စောင့်တယ်။
မိဘ လုပ်ကျွေးတယ်။
ရတနားသုံးပါးကို ပူဇော်ရတယ် လို့ မှတ်တမ်းတင်ပြီး အဲသည် ရွှေပြားကို
ပဉ္စသိခနတ်သားရဲ့ လက်ကို အပ်ရတယ်။
ပဉ္စသိခနတ်သားက မာတလိလက် အပ်ရတယ်။ မာတလိက သိကြားမင်းကို အပ်ရတယ်။
ကုသိုလ်ပြုသူ နည်းလျှင် ရွှေပြားက ငယ်တယ်။
ရွှေပြားငယ်တာကို မြင်ရုံနှင့် နတ်အများက
အရှင်တို့ လူသားများဟာ မေ့လျော့ပြီး နေကြတယ်။
အပါယ်လေးဘုံပြည့်ပြီး နတ်ဘုံမှာ အချည်းအနှီး ဖြစ်တော့မှာပဲလို့ စိတ်မချမ်းသာကြဘူးတဲ့။
ရွှေပြားကြီးတာကို မြင်လျှင် လူသားတွေ
ကုသိုလ်ပြုတည များပြားကြတယ်။
အပါယ်ဘုံဆိတ်ပြီး ငါတို့နတ်ဘုံ စည်ပင်တော့မှာပဲလို့ ဝမ်းသာကြသတဲ့။
သည်ရွှေပြားမှာ ပါတဲ့ ကောင်းမှုရှင် စာရင်းကို သိကြားမင်းကိုယ်တိုင် ဖတ်သတဲ့။
သိကြားမင်းရဲ့ ပကတိ အသံဟာ (၁၅)-ယူဇနာ အထိသွားတယ်။
အသံကို မြှင့်ပြီး ဖတ်လိုက်တဲ့အခါ ယူဇနာတစ်သောင်း ကျယ်ဝန်းတဲ့ နတ်ပြည်အားလုံး လွှမ်းမိုးသွားတယ် လို့ အဋ္ဌကထာမှာ ဖွင့်ပြထားတယ်ကွယ့်”။