မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့မှ တရားခံ (၁၄) ဦးကို ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂ဝဝ ကီလိုတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်တစ်လုံးကို သတင်းအရဝင်ရောက်ရှာဖွေရာမှ တရားခံများဖြစ်သော သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက် (ခ) ပေါင်ချိန်၊ ရဲရင့်နိုင်နှင့် လှသန်းဦး(ခ)ရာကွတ်တို့ ၅ ဦးကို အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX ယာဉ်(၁)စီး၊ TOYOTA LAND CRUISER ယာဉ်(၁)စီး နှင့် MERCEDES BENZ ယာဉ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတရားခံများ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း ၏ အစီအမံဖြင့် သန်းလွင် မှ တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ သန်းလွင် ထံမှ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရန်ကုန်မြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသည့် နံပါတ်(၆) တရားခံ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင်(ခ)အောင်ကိုကို(ခ) ထင်လင်းပြည့် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများအား တစ်ဆင့် ပြန်လည်ရောင်းချရန် ချိတ်ဆက်ပေးသည့် နံပါတ်(၇) တရားခံ တင်လှ(ခ)စသစ် ဆိုသူကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၄)ရပ်ကွက်တွင် လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် သတင်းကွင်းဆက်အရ မတ်လ ၆ ရက်နေ့ ည ၉ နာရီခွဲအချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် နံပါတ်(၈) တရားခံဖြစ်သည့် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး ဆိုသူကို ၎င်းမောင်းနှင်လာသည့် HYUNDAI BOX ယာဉ်ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန် နှင့် ကက်တမင်း ၂၀၀ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ အဆိုပါ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့တွင်လက်ခံ၍ ရွှေကောင်းသာ စက်လှေဖြင့် မလေးရှားပင်လယ်ပြင်သို့ တာဝန်ခံပို့ဆောင်သည့် နံပါတ်(၉) တရားခံ မင်းမင်းစိုး ဆိုသူကို ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့သလို မလေးရှားသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဦးစီးလုပ်ကိုင်သည့် နံပါတ်(၁၀) တရားခံ မျိုးမင်းစိုး(ခ)ကိုမျိုး ဆိုသူကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးတွင် CELSIOR ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် နံပါတ်(၁၀) တရားခံ မျိုးမင်းစိုး(ခ)ကိုမျိုး ဆိုသူနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်ရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ စိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲ သူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်း (ဖမ်းမမိ) နှင့် ၎င်း၏ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေ ပိုင်ရှင် မသီတာမြင့် (ဖမ်းမမိ)တို့ဖြစ်ကြောင်း သိရှိရသည်ဟုဆိုသည်။
အလားတူ စိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် နံပါတ်(၁၁)တရားခံ ကျော်ဝေထွန်း၊ နံပါတ်(၁၂)တရားခံ သိန်းထွန်း(ခ)သန့်ဇင်၊ နံပါတ်(၁၃)တရားခံ ရန်ရှင်းအောင် နှင့် နံပါတ်(၁၄)တရားခံ ဇော်ဇော်အောင် ဆိုသူတို့ကို ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါအပိုင်း(၄)ရပ်ကွက်၌ ရွှေကောင်းသာ စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
သို့ဖြစ်သဖြင့် အဆိုပါဖမ်းဆီးရရှိအတွင်း တရားခံ စုစုပေါင်း (၁၄) ဦးကို ဒေသကာလတန်ဖိုးငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုအထဲတွင် ဖမ်းဆီးနိုင်ခြင်းမရှိသည့် AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်း နှင့် ၎င်း၏ဇနီး မသီတာမြင့် တို့သည် တန့်ယန်း၊ တောင်ကြီး၊ မန္တလေး နှင့် ရန်ကုန်မြို့ တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်၍ ၎င်းတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။





