သတိထားကာကွယ် ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို လိုက်နာနိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာက တိုက်တွန်းနှိုးဆော်ထားသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့်နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများအရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာ ဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်ဟု သိရသည်။

သို့ဖြစ်သဖြင့် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကို ကာကွယ်နိုင်ရန်အတွက် အဆိုပါ ခရမ်းလွန်ရောင်ခြည်မြင့်မားစွာကျရောက်နိုင်သည့် နံနက်(၁၀)နာရီမှညနေ(၄)နာရီအတွင်းတွင် နေရောင် ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန်နှင့် အပြင်ထွက်ပါက မိမိအသားကိုနေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့မိစေရန် မျက်နှာ၊ လည်ပင်းနှင့်ပခုံးတို့ကို ပါလုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွအဝတ်အထည်များကို ဝတ်ဆင်ရန်နှင့် ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်းထိခိုက်စေ နိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉)%အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကိုတပ်ဆင်ရန် လိုအပ်သည်ဟုဆိုသည်။

ထို့ပြင် အဝတ်ကင်းလွတ်နေသောလက်၊လည်ပင်းနှင့်ပခုံးစသည့်နေရာများကို သနပ်ခါးထူထူ(သို့မဟုတ်)SPF ၁၅+ ပါဝင်သောနေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ (၁၅)မိနစ်ခန့်ကြိုလိမ်းရန်နှင့် နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး (၂)နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးရမည်ဖြစ်သည်။

ထို့အတူ ကလေးငယ်များနှင့်သက်ကြီး ဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်သလို အသက်တစ်နှစ်အောက်ကလေးငယ်များကို နေပူထဲသို့ခေါ်ဆောင်ခြင်း မပြုရန်နှင့်၊ ကလေးများကို အရိပ်ထဲတွင်သာ ကစားစေရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *