တန့်ယန်းတွင် တရားမဝင်အွန်လိုင်းလောင်းကစားဆောင်ရွက်နေသူ ၁၆၅ ဦးအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေသူ တရားမဝင်ပြည်ပနိုင်ငံသား ၁၆၅ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကြပ်ကြပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့များက မတ်လ ၁၂ ရက်နေ့တွင် အဆိုပါမြို့နယ်ရှိ နားဟုတ်ကျေးရွာအုပ်စုအတွင်း ရှာဖွေဖော်ထုတ်စစ်ဆေးခဲ့ရာ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား ၁၆၅ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးတို့အား အလျား ၂၀၀ ပေ၊ အနံ ၆၀ ပေရှိ သွပ်မိုးခန်းမ ၁ လုံး၊ ၇ ခန်းတွဲ ယာယီလူနေအဆောက်အဦ ၅ လုံး၊ လုပ်ငန်းသုံး ပရိဘောဂပစ္စည်းများ၊ StarLink ၂ စုံ၊ ဖုန်းမျိုးစုံ ၃၀ လုံး၊ All in One ကွန်ပျူတာ ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများအား စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

#crd

Leave a Reply

Your email address will not be published. Required fields are marked *