ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သည့် တပ်မတော်၏ အဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို အောင်မြင်စွာ ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာ ဦးညီညီနှင့် အသည်းအလှူရှင် ဦးထွန်းထွန်းလင်းတို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်ပြီး အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲတွင် စတင်၍ ထုတ်ယူရရှိသောအသည်းကို ညနေ ၅ နာရီခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။
ယခုအခါ အသည်းအလှူရှင်နှင့် အသည်းလက်ခံလူနာများမှာ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစု ကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။