“ချွေးထွက်များမှ သွေးထွက်နည်းမည်” ဖြစ်သဖြင့် စစ်သားကောင်းတစ်ယောက်ပီသအောင် နေထိုင်ကျင့်ကြံလေ့ကျင့်ခြင်းဖြင့် မိမိကိုယ်ကိုနှင့် မိမိအဖွဲ့အစည်းကို အရည်အသွေးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သန်လျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
သင်ကြားပေးထားသည့် အတတ်ပညာများကို လက်တွေ့အသုံးချနိုင်ရန်အတွက် အမြဲမပြတ်လေ့ကျင့်နေရမည်ဖြစ်ပြီး အသက်အရွယ်နှင့်ညီမျှသည့် ကျန်းမာကြံ့ခိုင်မှုများနှင့် သန်စွမ်းမှုများရှိနေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်လာပါက မိမိတို့၏တာဝန်များကို ရဲရဲဝံ့ဝံ့ဖြင့် ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး လုပ်ရဲကိုင်ရဲသည့်စိတ်များနှင့် လုပ်ချင်ကိုင်ချင်စိတ်များရှိရန်လိုကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းကိုင်တွယ် အသုံးပြုရသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အသုံးချနိုင်ရန်လိုကြောင်း။
တပ်မတော်သားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လိုသည့်စိတ်များဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူများဖြစ်သဖြင့် မိမိတို့၏ စစ်သားဘဝကို ခုံမင်မြတ်နိုးတန်ဖိုးထားရန်လိုကြောင်း၊ နိုင်ငံနှင့်ပြည်သူတို့အတွက် မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၎င်းအနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြသဖြင့် အများသူငှာ လုပ်ဆောင်နိုင်ရန်ခက်ခဲလှသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန်နှင့် မိမိကိုယ်ကိုယ် ဂုဏ်ယူတတ်ရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။
