မတ်လတွင် မြန်မာနှင့်ဗီယက်နမ်အသင်း ခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အသင်းသည် မတ်လနိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း အာဆီယံဒေသတွင်း မီဒီယာအချို့က ဖော်ပြလျက်ရှိသည်။မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း သည် မတ်လအတွင်း ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲကစားရန် စီစဉ်နေခြင်းဖြစ်သည်။ အာဆီယံဒေသတွင်း မီဒီယာ အချို့၏ ဖော်ပြချက်အရ မြန်မာ့လက်ရွေးစင် အသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အသင်းသည် မတ် ၂၀ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အသင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင်ကျင်းပသည့် ၂၀၂၄ Asean Cup ပြိုင်ပွဲ အုပ်စုအဆင့်၌ တွေ့ဆုံထားပြီး ဗီယက်နမ်အသင်းက ငါးဂိုးပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ယင်းပွဲကို ဗီယက်နမ်နိုင်ငံ၌ အဝေးကွင်းကစားခဲ့ရပြီး ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အသင်းသည် ၂၀၁၄ ခုနှစ်တွင် ခြေစမ်းပွဲနောက်ဆုံးကစားထားပြီး ယခု ခြေစမ်းပွဲကစားဖြစ်ပါက ဆယ်စုနှှစ်တစ်ခုကျော်ကြာမှ ပြန်လည်ကစားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး အောက်တိုဘာတွင် သီရိလင်္ကာလက်ရွေးစင်အသင်းနှင့် နှစ်ပွဲ၊ နိုဝင်ဘာတွင် လက်ဘနွန်အသင်း၊ စင်ကာပူ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲကစားဖြစ်ပါက ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးကစားခွင့်ရမည့် နိုင်ငံတကာခြေစမ်းပွဲ ဖြစ်သည်။ ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (E) ၌ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ပါကစ္စတန်အသင်း၊ ဗီယက်နမ်အသင်းမှာ အုပ်စု (F) တွင် မလေးရှား၊ နီပေါ၊ လာအိုအသင်း တို့နှင့် ကျရောက်နေသည်။ ဗီယက်နမ် အသင်းသည် ၂၀၂၄ Asean Cup ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *