(၇၇)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့တွင် ရေယာဉ် (၂)စီး တပ်တော်ဝင်

ဒီဇင်ဘာ ၂၄ နေ့တွင်ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (ရေ) ၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် (၆၃)မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် (၂)စီး တပ်တော်ဝင်ခဲ့သည်ဟု သိရသည်။အဆိုပါ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယနေ့တွင် တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့်ရေချပေးခြင်း၊ (၆၃)မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် (၂)စီးအား တပ်တော်ဝင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော်(ရေ)တို့အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက (၁၃၅) မီတာဖရီဂိတ်စစ်ရေယာဉ်ကြီးသည် လိုသလိုရွေးချယ်ပြောင်းလဲအသုံးပြုနိုင်သည့် ဂီယာ စနစ်ပါဝင်သည့်ဒီဇယ် (သို့မဟုတ်) Gas Turbine ပေါင်းစပ်မောင်းနှင်မှုစနစ် (Combination of Diesel or Gas – CODOG) ကို တပ်ဆင်ထားသည့် စစ်ရေယာဉ်ကြီး ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှ ယခုဖရီဂိတ်စစ် ရေယာဉ်ကြီးများအထိ အဆင့်ဆင့် တိုးမြှင့်တည်ဆောက်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း၊ “ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်အသစ်များကိုတည်ဆောက်ကာ ဝယ်ယူအသုံးပြုသူအဆင့်မှ ကိုယ်တိုင်တည်ဆောက်သူ (Buyer to Builder) အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း။မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၁၂၆၀ ရေမိုင် ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝအလှတရားများစွာတို့ဖြင့် ပြည့်နှက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ပြီးပြည့်စုံပြီး အဖိုးတန်လှသည့် မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်နိုင်ရေးအတွက် တပ်မတော် (ရေ)ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာစေရေး စဉ်ဆက်မပြတ် တိုးချဲ့တည်ဆောက်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ဒုတိယအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကျက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ်သို့ တက်လှမ်းနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကျက်နိုင် စွမ်းရှိသည့် ရေတပ်ဖြစ်စေရေးအတွက် တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် ရေယာဉ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဟူသည့် အသင့်ဖြစ်မှု(၃)ရပ်နှင့် ပြည့်စုံအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့် ကိုယ်စီကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ်လေ့လာလေ့ကျင့်နေရမည်ဖြစ်ပြီး လက်နက်နှင့်လက်နက်စနစ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ဆင့်ကမ်းပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် တပ်မတော်(ရေ)မှ မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်နှင့် မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့မှသည် နောင်ရာစုနှစ်၊ ထောင်စုနှစ်ပေါင်းများစွာအထိ နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကို ဆက်လက်မြှင့်တင်သွားနိုင်ရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *