မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

ဗုဒ္ဓမြတ်စွာက တရားဟောခါနီးမှာအမြဲတမ်း မိန့်ကြားလေ့ရှိတယ်။

“သာဓုကံ သုဏေဟိမနသိကရော”တဲ့။ သာဓုကံ -တကယ့်လေးလေးစားစား၊သုဏေဟိ=နားစိုက်ပြီး ထောင်ပါတဲ့။

မနသိကရောဟိ- စိတ်ထဲမှာမှတ်ထားပါ။နှလုံး သွင်းပါလို့ တရားဟောတိုင်း တရားဟောတိုင်းမှာလိုလို မြတ်စွာဘုရားက သတိပေးလေ့ရှိတယ်။

မြတ်စွာဘုရားဟောတဲ့ တရားတော်တွေဟာ အာရုံစိုက်ပြီး သဘာဝတရား ဆိုက်အောင်နာမှ ဆိုလိုရင်း အဓိပ္ပာယ်ကိုပေါ်လွင်ထင်ရှားစေနိုင်တယ်။

ဓာတုဝိဘင်္ဂသုတ်မှာဝိပဿနာကျင့်စဉ်တစ်ခုကို တရားနာပုဂ္ဂိုလ်၏ စရိုက်အားလျော်စွာ မြတ်စွာ ဘုရားက ရှင်းလင်းဟောထားတာ ဖြစ်ပါတယ်။

ဓာတုဝိဘင်္ဂ မှာ ဓာတု ဆိုတာ “ပုဂ္ဂိုလ် သတ္တဝါ
ဇီဝ” ဆိုတာမျိုးလို အပြောထဲမှာသာရှိတဲ့ တရားမျိုးမဟုတ်ဘူး။

တကယ့်ကို သဘာဝအားဖြင့် ရှိနေတဲ့တရားကို “ဓာတု”လို့ ခေါ်တယ်။

“အတ္တနော သဘာဝံဓာရေတီတိဓာတု” သူ့သဘာဝအတိုင်းသူ ထင်ရှားရှိနေတာကို ဓာတု၊ မြတ်စွာ ဘုရားက ဓာတ်အမျိုးမျိုးဟောတယ်။

အဘိဓမ္မာမှာဆိုရင် ဓာတ်(၁၈)ပါးဟောထား တာရှိတယ်။

ဒီတရားတွေက အလွန်လေးနက်သော်လည်း လူနဲ့ အလွန်နီးစပ်တဲ့ တရားတွေ ဖြစ်တယ်။

လောကမှာ နီးပင်နီးသော်လည်း မမြင်တာတွေကအများကြီး၊မမြင်နိုင်တာတွေကအများကြီး
၊မြင် ဖို့ခက်တယ်။

“ဒုဒ္ဒသတ္တာ ဂမ္ဘီရံ၊ဂမ္ဘီရတ္ထာ ဒုဒ္ဒသံ”နက်နဲ တယ်ဆိုတဲ့ သဘာဝတရားတွေဟာ တချို့ဟာက
“မြင်ဖို့ ခက်လို့ နက်နဲတာ” ဝေးလို့ မမြင်နိုင်တာမျိုးမဟုတ်ဘူး။

နက်နဲလို့ မမြင်နိုင်တာတော့ မဟုတ်ဘူး။

မြင်ဖို့ သတိမူရန်ခက်ခဲတဲ့အတွက်ကြောင့် နက်နဲတယ်။

တချို့တရားကတော့ အဲဒီလိုမဟုတ်ဘူး၊“နက်နဲလို့မြင်ဖို့ခက်တာ” ဆိုပါစို့ နီးလျက်သားနဲ့ မမြင်ရဘူး။ဝေးလို့မမြင်ရဘူး နှစ်မျိုး ရှိနိုင်တယ်။

ဝေးနေရင်လည်းမမြင်ရဘူး၊ နီးလျက်သားနဲ့လည်း မမြင်ရတာ ရှိတယ်။

အေး“ဓာတု”ဆိုတဲ့ သဘာဝတရားတွေက ကိုယ့်ခန္ဓာကိုယ်မှာရှိတယ်။

လူတိုင်း လူတိုင်းမှာ ရှိနေတဲ့ တရားတွေ ဖြစ်တယ်။

အဲဒီ လူတိုင်း လူတိုင်းမှာ ရှိနေတဲ့တရားဟာ
အလွန် နီးကပ်တယ်။

ကိုယ်ထဲမှာ ရှိနေသော်လည်းပဲမြင်ဖို့ ခက်ခဲသည့်အတွက်ကြောင့် ဂမ္ဘီရ နက်တယ်လို့ ဒီလို ပြောတာ။

ဟို နိဗ္ဗာန်တို့ ဘာတို့ကျတော့ နက်နဲလွန်း အား ကြီး လို့ မမြင်နိုင်ဘူးလို့ပြောတာ။

ဓာတုကို English လိုပြန်တဲ့အခါကျတော့
Element လို့ ပြန်တာပေါ့။

အဲဒီတော့ “ဓာတုဝိဘင်္ဂ”An Analysis of Element လို့ ဆိုရမှာပေါ့။

လူတွေရဲ့သန္တာန်မှာရှိတဲ့ သဘာဝဓာတ်တရားကို ခွဲခြားစိတ်ဖြာပြီးတော့ မြတ်စွာဘုရားက ဟောတော့ ကိုယ့်ခန္ဓာလေးကို ကိုယ်က အာရုံစိုက်လိုက်လို့ရှိရင်ဒီသဘောတရားတွေ တွေ့လာမှာဖြစ်ပါတယ်။

ဓာတုဝိဘဂ်သုတ် အနှစ်ချုပ်ကိုဆက်လက်တင်ပြပေးပါမည်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒ မာလာဘိဝံသ

Leave a Reply

Your email address will not be published. Required fields are marked *