အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ၆ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ဝေးလံခေါင်သီသော Flores ကျွန်းတွင် မီးတောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါကျွန်းရှိ Lewotobi Laki Laki တောင်တွင် တနင်္လာနေ့ ညပိုင်းက မီးတောင်ပေါက်ကွဲပြီး များပြားသည့် ပြာများသည် လေထုအတွင်း မီတာ ၂၀၀၀ (ပေ ၆၅၀၀) အထိမှုတ်ထုတ်ခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် အနီးနားရှိ ရွာတစ်ရွာသို့ ပြာများ ကျရောက်ခဲ့ပြီး ကက်သလစ် သီလရှင်ကျောင်းတစ်ကျောင်း အပါအဝင် အိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီသည် ဒေသဆိုင်ရာအာဏာပိုင်များထံမှ နောက်ဆုံးရ အချက်အလက်များကို စီစစ်နေဆဲဖြစ်ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် အနီးအနားရှိ ရွာပေါင်း ၆ ရွာ ထိခိုက်မှုရှိခဲ့ကာ လူပေါင်း ၁၀၀၀၀ ဝန်းကျင် ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။