မြောင်းထဲဆင်းပြီး ပလုံကောက်နေတဲ့ ဇနီးဖြစ်သူ ဓာတ်လိုက်နေလို့ ဆင်းကယ်တဲ့ ခင်ပွန်းဖြစ်သူ ဓာတ်လိုက်သေဆုံး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရေမြောင်းထဲဆင်းပြီး ပလုံကောက်သည့် ဇနီးဖြစ်သူ ဓာတ်လိုက်နေခြင်းကြောင့် ၎င်း၏ခင်ပွန်းဖြစ်သူအမျိုးသားက ဆင်းကယ်ရာမှ ၎င်းအမျိုးသား ဓာတ်လိုက်သေဆုံးသွားခဲ့သည်ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။

ယင်းဖြစ်စဥ်သည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ ဂန္ဓမာလမ်းရှိ ရေမြောင်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းရေမြောင်းအတွင်းသို့ ဓာတ်ကြိုးလျော့ကျနေသည်ကိုမသိဘဲ ပလုံဆင်းကောက်ကြရာမှ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဖြစ်စဥ်ကြောင့် သေဆုံးသွားသူ အမျိုးသားမှာ အသက်(၃၀) ဝန်းကျင်ရှိပြီး ဇနီးဖြစ်သူနှင့်အတူ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်းနှင့် သေဆုံးသူ၏ရုပ်အလောင်းအား အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသလို ကျန်ရစ်သူများအတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က အလှူငွေ ၂ သိန်းကျပ် လှူဒါန်းပေးခဲ့သည်ဟု သိရသည်။