ဦးကပ်စေးဆိုသော အမည်ပြောင်ကို သူပြန်ကြားသည်။ မတုန်လှုပ်ပါ။ ဖြုန်းတီးတာနှင့် သုံးစွဲတာကို နားမလည်ကျသူများဟု သူခံယူထားသည်။
တဖြည်းဖြည်းနှင့် သူ့လက်ဖြောင့်တပ်စိတ်ဆီကပါ ဦးကပ်စေးဆိုသော ဝေါဟာရကို ကြားလာရချိန်မှာတော့ သူသည်းမခံနိုင်တော့။ အလုပ်လုပ်ရာတွင် စနစ်ကြီးလွန်းပြီး အပိုကုန်ကျမှု မရှိရအောင် စီစစ်ခြင်းကိုပင် ဦးကပ်စေးလို့ ခေါ်လေသလားပေါ့။
တပ်ရင်းမှူး၏ အိမ်ဝင်းအတွင်းမှာပင် လက်ဖြောင့်စစ်သည်အဆောင် ဆောက်လုပ်ပြီး လက်ဖြောင့်စစ်သည် ၁၀ဦး နေကြသည်။ တပ်ရင်းမှူးက လူပျိုကြီးဖြစ်သလို လက်ဖြောင့်တပ်ကြပ်ကြီးကအစ စစ်သည်အဆုံး ၁၀ယောက်လုံးမှာ အိမ်ထောင်မရှိ လူပျိုများ ဖြစ်ကြသည်။
လက်ဖြောင့်အဖွဲ့ ပြောလည်းပြောစရာပေ။ ညနေစောင်းလို့ ယမကာ မှီဝဲရန် စီစဥ် ရသည်မှာပင် အာမီရမ်၂ပက် မြေပဲဆံ ၁၅စေ့သာ စီစဥ်ပေးရသည်။ အကူရဲဘော် တပ်သားကျော်အေးမောင်က မြေပဲဆံကို တစ်စေ့စီ ရေတွက်ပြရသည်။ ပိုခြင်း လိုခြင်းဖြစ်ပါက စိတ်အလိုမကျတော့။
စိတ်လိုလက်ရ ရှိသောနေ့များမှာ တပည့်များ လာကန်တော့ထားသော သိမ်းထားတာ မှိုတက်တော့မည့် ဝက်အူချောင်း လက်နှစ်ဆစ်ခန့် ဆီပူထိုး ခိုင်းသည်။ သူပေးလူပေး ထိုးမုန့် လမုန့် ကိတ်မုန့်များ အသိမ်းလွန်ပြီး ဒိတ်လွန်တော့မည်ဆိုလျင် စေတနာအပြည့်နှင့် လက်ဖြောင့်ကို ချကျွေးတော့သည်။ ဒါကြောင့်လည်း ကွယ်ရာမှာ ဦးကပ်စေးလို့ ခေါ်ကြခြင်း ဖြစ်သည်။
ရာသီဥတု သာယာသောတစ်နေ့။
ရုံးပိတ်ရက်ဆိုသော်လည်း ဝင်စာများဖတ်ပြီး ပြန်တမ်းများပို့ရန် တပ်ထောက်ရုံးသို့ ကျွန်တော်ရောက်နေသည်။ နေ့လယ်ထမင်းစားချိန် ရောက်ခါနီး အိမ်ပြန်တော့မည်ဟု ပြင်ဆင်နေချိန် ဆရာ့တပည့် ကျော်အေးမောင် ကသုတ်ကရက်နှင့် ရောက်လာသည်။
" ဗိုလ်ကြီး... တပ်ရင်းမှူးခေါ်ပါတယ်၊ မြို့ထဲသွားစရာရှိလို့ မော်တော် ယာဥ်ကကားလေးတစ်စီး ယူခဲ့ပါတဲ့..တပ်ရေးဗိုလ်ကြီးကိုပါခေါ်ခဲ့ပါတဲ့"
" အေး..အေး"
ဘာများအရေးကြီးလို့ပါလိမ့်။ တော်ရုံကိစ္စနှင့် ကားသုံးတာ ဆရာမကြိုက်။ ဆီကုန်သလို ကားလည်းနာသည်တဲ့။ သူ့မာစတာဂျစ် ကားပေါ်မှာတောင် ဆိုဖာတွေ ပြဲမှာစိုးလို့ဆိုပြီး အီကွင့်မင့်နှင့် မစီးခိုင်းသောသူ။ ခုတော့ ကားပါယူခိုင်းနေသည်ဆိုတော့ အရေးကြီးသော ကိစ္စတစ်ခုပေါ်ပြီထင်ပါ သည်။ တပ်ရေးဗိုလ်ကြီး ကိုအောင်မျိုးမြင့်ကိုပါခေါ်ပြီး T2000 နှင့်အတူ ဆရာ့ထံရောက်လာကြသည်။
ရောက်ရှိကြောင်း သတင်းပို့ပြီးနောက်..
" မြို့ထဲကိုသွားမယ်.. လက်ဖြောင့်တစ်စိတ်လုံး ကားပေါ်တက်ကြ၊ သေနတ်တွေတော့မယူလာခဲ့နဲ့၊ စစ်သည်တွေ ယူနီဖောင်း သေသေချာချာ ဝတ်ခိုင်း၊ တပ်ရေးနဲ့တပ်ထောက်ကတော့ မာစတာဂျစ်နဲ့လိုက်ခဲ့"
" ကျွန်တော်ရော လိုက်ရမလား"
ကျော်အေးမောင်ကမေးသည်။
" လူလေးကတော့ အိမ်စောင့်နေခဲ့"
" ဟုတ်"
လက်ဖြောင့်စစ်သည်များ ပြင်ဆင်ကြသည်။ ၁၀မိနစ်လောက်အတွင်း အသင့်ဖြစ်ကြသည်။ကားပေါ်မှာ နေရာယူပြီးချိန် သတင်းပို့လိုက်ရာ ကားနှစ်စီးသည် တပ်ရင်းမှူးအိမ်မှ မြို့ထဲသို့ စတင်ထွက်ခွာကြလေသည်။
×××××
" စိန်စိန်ဆိုင်ကိုမောင်း"
ရှေ့ကမောင်းနေသော မာစတာဂျစ် ကားဒရိုင်ဘာကို ဆရာကလှမ်း ပြောလိုက်သည်။ စိန်စိန်ဟု အမည်ရသောဆိုင်မှာ ခေါက်ဆွဲဆိုင်ဖြစ်သည်။ ဗန်းမော်မြို့တွင် လက်ရာကောင်း သည်ဟု နာမည်ကြီးသော တရုတ်စားသောက်ဆိုင်လည်းဖြစ်သည်။ စားသောက်ပွဲ အခန်းအနားများကိုလည်း မကြာခဏပြုလုပ် စားသောက်ကြသော ဆိုင်လည်းဖြစ်သည်။
ဘာကြောင့်စိန်စိန်ဆိုင်သို့ သွားနေရသည်ကို ဆရာကလွဲပြီး ဘယ်သူမှမသိ။
" တပ်ထောက်ဗိုလ်ကြီးရေ... လက်ဖြောင့်တွေကို ကားပေါ်ကဆင်းခိုင်း လိုက်၊ ပြီးရင်.. သူတို့ဘာစားချင်လဲ မေးပြီး မှာပေးလိုက်ပါကွယ်"
ဆရာဦးဆောင်ပြီး ဆိုင်ထဲဝင်သွားချိန် လက်ဖြောင့်စစ်သည်များမှာ လည်း ဘုမသိ ဘမသိ နားမလည်သော အကြည့်များနှင့် နောက်ကလိုက် ဝင်လာကြသည်။ ကျွန်တော်တို့ ပင်လျင် " ဆရာ့မွေးနေ့ဖြစ်ပြီး သူ့တပည့်တွေကို လာကျွေးတာများလား" ဟု ထင်မိလေသည်။
" ဘာမှာကြမလဲ...ပြော"
လက်ဖြောင့်များလည်း မဝံ့မရဲဖြင့် ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ထမင်းပေါင်းများကို မှာကြသည်။ ဆိုင်ရှင်အား...
" ခေါက်ဆွဲကြော်လေးပွဲ၊ ထမင်းကြော် လေးပွဲ၊ ထမင်းပေါင်းနှစ်ပွဲ လုပ်ပေးပါ" ဟု လှမ်းပြောလိုက်သည်။
ကျွန်တော်တို့ အရာရှိနှစ်ယောက်နှင့် ကားသမားနှစ်ယောက် အတွက် လည်းမမှာ၊ သူအတွက်လည်း မမှာခိုင်းသည့်အတွက် စိတ်ထဲမှာတော့ သရိုးသရီဖြစ်မိနေသည်။
အနည်းငယ် စောင့်ဆိုင်းပြီးနောက် မှာထားသော ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ထမင်းပေါင်း ၁၀ပွဲ လက်ဖြောင့်များရှေ့ ရောက်လာသည်။ အချိန်မှာလည်း နေ့လယ် ထမင်းစားချိန် ရောက်နေပြီဆိုတော့ ဗိုက်ထဲက ပင် တဂွီဂွီမြည်နေကြပြီ။
" ကဲ...စားကွ...စားကွ"
ခွင့်ပြုချက်ရသည်နှင့် ခေါင်မဖော်နိုင်အောင် စားကြပါတော့သည်။ ၁၀မိနစ်လောက်ကြာတော့...
" မဝသေးတဲ့သူရှိရင် ထပ်မှာပါစေကွယ်"
ဆရာ့စကား မဆုံးသေးခင်မှာပင် စစ်သည်၅ဦးက ခေါက်ဆွဲကြော် ထမင်းကြော်များ တစ်ပွဲစီ ထပ်မှာကြသည်။
အားလုံးစားပြီးသည့်နောက်
" တပည့်တို့... ဝကြရဲ့လား၊ ပြည့်စုံကြရဲ့လားကွဲ့"
" ဝပါပြီ ခင်ဗျ"
" သွားကြားထိုးတံလေးတွေ ပေးလိုက်ပါဦး၊ ကဲ...ဒါဆိုလဲ သွားကြမယ်၊ တပ်ရေး ဗိုလ်ကြီးက ကျသင့်ငွေ ရှင်းပေးလိုက်ပါဦးကွယ်"
စိန်စိန်ခေါက်ဆွဲဆိုင်တွင် ငွေရှင်းပြီးနောက် လက်ဖြောင့်များလည်း သွားကြားလေးတွေထိုးပြီး ကားပေါ်တက်ထိုင်လိုက်ကြသည်။
" စုံပြီဆိုရင် နိုင်လွန်အအေးဆိုင်ကိုမောင်း" နိုင်လွန်အအေးဆိုင်။
မန္တလေးဆိုင်ခွဲဖြစ်သည်။ ဖာလူဒါ၊ နို့မလိုင်၊ ရေခဲသုတ် အအေးမျိုးစုံ ရ၏။ ရုပ်ရှင်ရုံ အနီးမှာရှိပြီး မြို့ထဲတွင် အကောင်းဆုံး အအေးဆိုင်လည်း ဖြစ်၏။ သိပ်မမောင်းလိုက်ရပါ။
" ကဲ... အားလုံးဆင်းကြ၊ တပည့်တို့ ဘာသောက်ကြမလဲ.. တပ်ထောက် ဗိုလ်ကြီးကမေးပြီး မှာပေးလိုက်ပါဦးကွယ်"
ဒီတစ်ခါလည်း စစ်သည်များ နားမလည်သည့် မျက်နှာပေးများနှင့် ဆရာ့ကို ကြည့်နေကြသည်။ ဒါပေမဲ့ စိန်စိန်ဆိုင်မှာလောက်တော့မဆိုး။
" ဖာလူဒါသောက်မယ်"
တပ်ထောက်ဗိုလ်ကြီးက လှမ်းမှာပေးလိုက်သည်။
" ဖာလူဒါ ၁၀ခွက်"
လက်ဖြောင့်စစ်သည်အားလုံး ဒီနေ့တော့ ဗိုက်ခွေးနမ်းချေပြီ။ စောစော ကပဲ ခေါက်ဆွဲကြော်တွေ ထမင်းကြော်တွေ စားထားသေးသည်။ ခုလည်း ဖာလူဒါ သောက်ရဦးမည်။ အားရပါးရသောက်နေကြပုံများ စားပိုးနင့်မှာတောင် စိုးရသည်။ အားလုံးသောက်ပြီးချိန်မှာတော့...
" တပည့်တို့... ဝကြပြီလား.. ထပ်သောက်ကြဦးမလား"
လက်ဖြောင့်တပ်ကြပ်ကြီးက
" ဝပါပြီခင်ဗျ.. အချိုတွေစားလို့ ခံတွင်းတော့ ချဥ်လာပါတယ်"
" အေး...အေး..တပ်ထောက်ဗိုလ်ကြီးရေ...စီးကရက် တစ်လိပ်စီ ပေးလိုက်ပါဦးကွယ်"
လိုလေသေးမရှိအောင်ကို ဖြည်ဆည်းနေပါပေါ့လား။
" တပ်ရင်းမှူးကြီး...ဒီ့ထက် ကျွေးနိုင်မွေးနိုင်ပါစေ"
ဒူးယားစီးကရက်လေးတွေ ကိုယ်စီနှင့် အားလုံးပျော်ရွှင်နေကြ၏။ မီးခိုးတွေ တထောင်းထောင်းထအောင်ပင် ဖွာရှိုက်နေကြတော့သည်။
×××××
နိုင်လွန်အအေးဆိုင် ရှေ့တွင်ဖြစ်သည်။
" တပ်ရေးဗိုလ်ကြီးရေ... အအေးဖိုး ရှင်းပေးပြီးရင် လက်ဖြောင့် စစ်သည် အားလုံး ဒီကိုခေါ်ခဲ့ပါဦး"
လက်ဖြောင့်၁၀ယောက်လုံး ရောက်လာကြသည်။
" ကဲ...ငါ့တပည့်များ ဘာလိုသေးလဲ၊ အဆင်ပြေကြရဲ့လား"
" ပြည့်စုံပါပြီခင်ဗျ"
" စားလို့သောက်လို့ရော ကောင်းကြရဲ့လားဟေ့"
" တအားကောင်းပါတယ်ခင်ဗျ"
" ခု..မင်းတို့ကို ခေါက်ဆွဲကြော်တွေ ဖာလူဒါတွေ စီးကရက်တွေ ဘယ်သူကျွေးနေတာလဲ"
" တပ်ရင်းမှူးကြီးပါ"
ဆရာက စကားကို ပြောနေရာမှ ခဏရပ်ကာ တစ်ယောက်ချင်း မျက်နှာ ကိုကြည့်ပြီး
" ဒါဆို.. တပ်ရင်းမှူးကြီးက ဦးကပ်စေးဆိုတာ ဟုတ်သလားဟေ့"
" မဟုတ်ပါဘူးခင်ဗျာ"
" ထပ်မေးဦးမယ်...တပ်ရင်းမှူးက ဦးကပ်စေးလား"
" မဟုတ်ပါဘူး ခင်ဗျ"
" နောက်ကို ကွယ်ရာမှာ ဦးကပ်စေးလို့ရော ခေါ်ကြဦးမှာလား"
" မခေါ်တော့ပါဘူး"
" ကတိနော်"
" ကတိပါ"
" ကျေနပ်တယ်နော်"
" ကျေနပ်ပါတယ်"
အမေးအဖြေကဏ္ဍ ပြီးသွားတော့..
" ကားပေါ်တက်ကြတော့.. ပြီးရင် တပ်ရေးဗိုလ်ကြီးက သူတို့စားထား သလောက် စာရင်းမှတ်ထားပြီး လကုန်ရင် သူတို့လစာထဲက ပြန်ဖြတ်ထားလိုက်ပေတော့.. စီးကရက် တစ်လိပ်ဖိုးပါ မကျန်စေနဲ့"
မှတ်ပြီလား။ ဦးကပ်စေးလို့ ခေါ်ကြဦးလေ။