လူတစ်ဦးချင်းစီရဲ့
ရောက်ရှိနေတဲ့သက်တမ်းမှာ
သုခနဲ့ဒုက္ခကို ချိန်ထိုးကြည့်လိုက်ရင်
ဒုက္ခကသာ ပိုပိုသာသာရှိပါလိမ့်မယ်။
အစစအရာရာ
အဆင်ပြေပါတယ်ဆိုရင်တောင်
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
မလွဲမရှောင်သာတဲ့ သေးဘေးဒုက္ခနဲ့
ရင်ဆိုင်ကြုံတွေ့ရဦးမှာပါ။
တကယ်တော့
အဆင်ပြေမှုဆိုတာက
ဒုက္ခတောထဲမှာ ရောပါလာတဲ့
ပျော်ရွှင်မှုအသေးစားလေးတွေပါ။
အဆင်ပြေမှုလေးတွေနဲ့ဆုံတော့
ကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေကို
ခဏလောက်တော့ မေ့ပျောက်သွားကြပြီး
စိတ်လွတ်ကိုယ်လွတ်တောင်
ပျော်နေတတ်ကြတာပဲ။
အဆင်ပြေမှုဆိုတာ ခဏလေးနော်။
အဆင်ပြေမှုလေးတွေလည်း
အရှိန်လျော့သွားရော
နောက်ထပ်တစ်ဖန် စိတ်ထိခိုက်ရပြန်တာပဲ။
ဘဝဆိုတာ ဒီလိုပါပဲ။
မွေးဖွားလာကတည်းက
အဆိုးနဲ့အကောင်းကို တစ်လှည့်စီခံစားဖို့
လောကဓံအမှတ်တံဆိပ် ခပ်နှိပ်ပေးပြီးသားပါ။
ရခဲလှတဲ့လူ့ဘဝကို
လောကဓံအဆိုးအကောင်းတွေနဲ့
ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲလို့
လေးလေးနက်နက်စဥ်းစားကြည့်လိုက်ရင်
လောဘ ဒေါသ မောဟတွေ
နည်းနိုင်သမျှ နည်းအောင်
နေထိုင်သွားခြင်းကသာ
ကိုယ့်ဘဝကို အေးချမ်းစေမှာပါ။
မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)