နိဒါန်း
—–
ကြံသည် ပူနွေး စိုစွတ်သောဒေသနှင့် သမနွေးပိုင်း ဒေသများတွင် ဖြစ်ထွန်းတတ်ပြီး ပုံမှန်အားဖြင့် အပင်မြင့် ၉ပေ နှင့် ၁၅ပေကြား၊ ပင်စည်လုံးပတ်မှာ အချင်း ၂လက်မခန့်ရှိတတ်ပြီး အပင်ခြေတွင် ပင်စည်ပွားများစွာ ထုတ်လုပ်ရန် ဘေးတက်ကဲ့သို့ ပုံစံများစွာ ရှိနေသည့် နှစ်ရှည်ပင်တစ်မျိုးဖြစ်သည်။ ပင်စည်သည် ကြံရိုးဖြစ်လာပြီး ကြီးထွားလာသောအခါ အပင်တစ်ပင်လုံး၏ ၇၅ရာခိုင်နှုန်းသည် ကြံရိုးသာ ဖြစ်သည်။ ကောင်းစွာကြီးထွားလာသော ကြံရိုးတချောင်းတွင် အမျှင်ဓာတ် (၁၁-၁၇) ရာခိုင်နှုန်း၊ ပျော်ဝင်လွယ်သော သကြားဓာတ် (၁၂-၁၆) ရာခိုင်နှုန်း၊ အချိုဓာတ်မဟုတ်သော အခြားပါဝင်မှု(၂-၃) ရာခိုင်နှုန်း နှင့် ရေဓာတ် (၆၀-၇၀) ရာခိုင်နှုန်းခန့် ပါဝင်သည်။ ကြံစိုက်ပျိုး ထုတ်လုပ်ရာတွင် အထွက်နှုန်း မြင့်မားရန်အတွက် ကြံပင်သည် ရာသီဥတုအနေအထား၊ မြေအမျိုးအစား၊ မြေသြဇာ၊ ရေသွင်းရေထုတ်၊ ပိုးရောဂါ ကာကွယ်နှိမ်နင်းမှု နှင့် ရိတ်သိမ်းချိန် အပေါ်များစွာမူတည်သည့်အတွက် အကောင်းဆုံး သီးနှံ စီမံခန့်ခွဲမှုစနစ်များကို အလေးထားပြုလုပ်ပေးရန် လိုအပ်ပါသည်။
ကြံစိုက်ပျိုးခြင်းသည် ကမ္ဘာတွင်အများဆုံး စိုက်ပျိုးကြသော စိုက်ပျိူးရေးစနစ်ကြီးတခု ဖြစ်သည်။ ကြံသည် ပိုးမွှားများနှင့်ပေါင်းပင်တို့ကို ခံနိုင်ရည်မရှိသောအပင်အမျိုးအစားဖြစ်သည်။ ကြံသည် သကြား အဓိက ထုတ်လုပ်ရာသီးနှံလည်း ဖြစ်သလို အရက် အချဉ်ဖောက်ရာတွင်သုံးသောကုန်ကြမ်းလည်း ဖြစ်သည်။ ထို့အပြင် တိရိစ္ဆာန်အစာအတွက်လည်း အသုံးပြုကြပြန်သည်။ ကြံသည် မြက်မျိူးရင်းဝင် အပင်တမျိုး ဖြစ်ပြီး Poaceae မျိုးရင်း အတွင်းရှိ Saccharum မျိူးစိတ်ကွဲတွင် ပါရှိသည်။ ကြံသည် ကမ္ဘာ့ ဝယ်လိုအားများသလို စိုက်ပျိုးသူကိုလည်း အကျိူးအမြတ် အနည်းနှင့်အများပေးနိုင်သော သီးနှံဖြစ်၍ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သင့်သော သီးနှံတစ်ခုပင်ဖြစ်သည်။ ကမ္ဘ့ာ့ကြံ ထုတ်လုပ်မှုအများဆုံး နိုင်ငံများထဲတွင် အာရှမှ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှား နိုင်ငံတို့ ပါဝင်နေသည်။ ဘရာဇီးနိုင်ငံသည် ကမ္ဘာတွင် ထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်သည်။
ရာသီဥတု
——–
အပူချိန် (၂၀- ၄၂) ဒီဂရီစင်တီဂရိတ်တွင်ကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ နေရောင် ကြာရှည်စွာ ရရှိခြင်းကို အလွန်တရာနှစ်သက်သည်။ အကောင်းဆုံး အပင်ဖွံဖြိုးမှု့အတွက် တနှစ်တာ မိုးရေချိန် (၇၀ -၉၈)လက်မကြား ရရှိရန် လိုအပ်သည်။ သွင်းရေ ရရှိနိုင်ပါက တနှစ်ပတ်လုံး စိုက်ပျိုး ဖြစ်ထွန်းနိုင်သော သီးနှံဖြစ်သည်။ ဆောင်းတွင်းတွင် (၆- ၈) ဒီဂရီစင်တီဂရိတ်ထိ နွေရာသီတွင် (၄၀ -၄၂) ဒီဂရီစင်တီဂရိတ် အထိ အပူချိန် အတက်အကျအနိမ့်အမြင့်ကို ခံနိုင်ရည်ရှိသည်။
မြေအမျိုးအစား
————-
ကြံပင်သည် မြေကြီးထဲတွင် အစိုဓာတ်ပမာဏ လုံလောက်စွာရှိနေအောင် ထိန်းသိမ်းထားနိုင်သော မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အာဟာရဓာတ်ကြွယ်ဝသော နုန်းမြေ၊ သဲနှုန်းမြေ၊ နုန်းမြေစေးများသည် ကြံပင်၏ အထွက်နှုန်းနှင့် ကြီးထွားမှုအတွက် အကောင်းဆုံးဖြစ်သည်။ ကြံပင်သည် ရေကြိုက်သော သီးနှံဖြစ်သော်လည်း ရေဝပ်ခြင်းကို မနှစ်သက်ပါ။ ကြံပင် စိုက်ပျိုးနိုင်သည့် မြေချဉ်ငံကိန်း (pH) မှာ (၅-၈) ကြားဖြစ်သည်။ ကြံပင်သည် (၁၂လမှ ၂၀လ)အထိ ကွင်းထဲတွင် ထားရှိရသော သီးနှံတခုဖြစ်၍ မြေဆီကြွယ်ဝသောမြေသည် အထူးသင့်လျော်သည်။ ကြံပင်ကို ဧက အမြောက်အများစီးပွားဖြစ်စိုက်မည်ဆိုပါက မြေကြီးထဲရှိ အာဟာရဓာတ်ပါဝင်မှု စမ်းသပ် စစ်ဆေးခြင်းကို အရင်ဆုံးပြုလုပ်သင့်ပါသည်။
မြေပြုပြင်ခြင်း
————
စိုက်ပျိုးရန်အတွက် မြေပြုပြင်ခြင်းသည် တနှစ်နှင့် တစ်နှစ်အထက်သက်တမ်းရှိသော သီးနှံများအတွက် အရေးကြီးသောအခန်းကဏ္ဍတခုဖြစ်သည်။ လယ်ထွန်စက်ဖြင့် နှစ်ကြိမ်မှသုံးကြိမ်အထိ ကောင်းစွာ ထယ်ထိုးထွန်မွှေ ပြုလုပ်ပေးရန်လိုအပ်သည်။ ပထမဆုံးအကြိမ်ထယ်ထိုးခြင်းကို ရှေ့တစ်ရာသီသီးနှံ ရိတ်သိမ်းပြီးသည်နှင့်စတင်ရပါမည်။ ပထမအကြိမ်ထယ်ထိုးရာတွင် မြေကျစ်မြေခဲများ ကောင်းစွာ ကျေပျက်အောင်ပြုလုပ်ရမည်ဖြစ်ပြီး ထယ်ထိုးပြီးပါက သုံးလမြေလှပ်ထားရပါမည်။ ဒုတိယအကြိမ် ထယ်ထပ်ထိုးပြီးပါက သုံးကြိမ်နှင့်လေးကြိမ်ထိထယ်မွှေခြင်း ပြုလုပ်ပေးလျှင် ကောင်းစွာထယ်ရေး ညက်သောမြေကိုရရှိပါမည်။ မျိုးစေ့ချရန်အတွက် မြေညှိဒလှိမ့်တုံးဆွဲခြင်းဖြင့် မြေကိုညီအောင် ညှိယူနိုင်သည်။ ကောင်းစွာဆွေးမြေ့သည့်မြေဆွေးများကိုထည့်သွင်းပေးနိုင်သည်။
စိုက်ပျိုးခြင်း
———–
ကြံပင်တွင် ကောင်းကောင်းရင့်မာသော ကြံဆစ်ပိုင်းများကို ဖြတ်တောက်၍ကိုင်းဖြတ်မျိုးပွားခြင်း၊ စိုက်ပျိုးခြင်းနှင့် ပင်ကြား တန်းကြား ကိုင်းဖြတ်မျိုးပွားခြင်းကိုပြုလုပ်ကြသည်။ အရည်အသွေးကောင်း၍ ရောဂါဒဏ်ခံနိုင်ရည်ရှိသော ဆစ်ပိုင်းများကိုရွေးချယ်ခြင်းသည် အထွက်နှုန်းတိုးတက်စေရန် ကနဦး အဆင့်ဖြစ်သည်။ ဖြတ်ပိုင်းများ မဖြတ်မီ ဖြတ်ပိုင်းဖြတ်ရန်ရွေးထားသော အပင်ကို ရက်အနည်းငယ် စော၍ မျိုးပိုင်းများအရင်ခုတ်ထားပါ။ ယင်းသို့ပြုလုပ်မှ ဖြတ်ပိုင်းအဆစ်၏အတက်များမှ အညွန့်များ ဆက်လက်ကြီးထွားရန် လှုံ့ဆော်ပေးနိုင်မည်ဖြစ်သည်။ ကြံပင်၏ အပေါ်ပိုင်းကို အတက်နှစ်ခုမှသုံးခုပါ အရှည် ၁၂လက်မ(၁ပေ)ကျော် ဖြတ်ပိုင်းများကိုတိုင်းတာ၍ ဖြတ်နိုင်သည်။ ဖြတ်ပိုင်းများကို စိုက်ပျိုးရာတွင် နေရာဒေသအလိုက်နည်းလမ်းများစွာရှိကြသော်လည်း လူသိများသောနည်းမှာ ထယ်ကြောင်းပေး၍ စိုက်ပျိုးခြင်းဖြစ်သည်။ အနက် (၆-၁၂)လက်မတွင် မြောင်းအတွင်း၌ အလျားလိုက်ချ၍သော်လည်းကောင်း ၄၅ ဒီဂရီစောင်း၍သော်လည်းကောင်း ကြံဖြတ်ပိုင်းများကို စိုက်ပျိုးနိုင်သည်။ ကြံဖြတ်ပိုင်းများကို မြေလွှာပါးပါးဖြင့်ဖုံးပါ။ ကြံဖြတ်ပိုင်းများကို စိုက်ခင်းထဲသို့ တိုက်ရိုက်ချစိုက်ပျိုးနိုင်သလို ပျိုးခြံများတွင် စိုက်ပျိုးပြီးအတက်မှ အရွက်များကြီးထွားလာကာမှ ခြံတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုးနိုင်သည်။ ကြံတွင် ကိုင်းဖြတ်များကို တစ်ဧကအတွက် ၆,၀၀၀ မှ ၈,၀၀၀ ကြားစိုက်ပျိုးကြသည်။
လမိုင်း၊လမက်ထားခြင်း
——————–
ရှေ့တစ်ရာသီမှအပင်ကို ခုတ်၍ နောက်တသီးအတွက် ဆက်လက်ကြီးထွားခွင့်ပြုထားခြင်းဖြစ်သည်။ ဖြတ်ပိုင်းမဖြတ်ဘဲ စိုက်ခြင်းဖြစ်သည်။ ကောင်းကျိုးများမှာ မြေပြင်စားရိတ်သက်သာသည်။ ပုံမှန် စိုက်ပျိုးနေကျ ပထမသီးနှံထက် အထွက်နည်းပြီး စောစောရင့်သည်။ အစိုဓာတ်နှင့် မြေဆီဓာတ်ကြွင်း သတ္တိနည်းပါးသည်။ ဆိုးကျိုးမှာ ပိုးမွှားနှင့်ရောဂါကျရောက်မှုမြင့်မားပြီး အလွန်တရာဂရုစိုက်မှ တန်ကာကျသည်။ အကြီးမားဆုံးထိခိုက်မှုမှာ မြေဆီလွှာပျက်စီးခြင်းဖြစ်သည်။
ရေသွင်းရေထုတ် ပြုလုပ်ခြင်း
————————–
ကြံသည် ရေအလွန်သောက်သောသီးနှံဖြစ်သည်။ ကြံဖြတ်ပိုင်းမှ အတက်ထွက်ခြင်း၊ ကြီးထွားမှုအတွက် အားယူရခြင်း၊ ကြံပင်မှကြံရိုးအဖြစ်သို့ရင့်မှည့်ခြင်းအပြင် လမိုင်းထားခြင်းတို့ပါဝင်သော ကြံ၏သက်တမ်း တလျှောက် ဖြစ်စဉ်များသည် ရေကိုပေါများစွာအသုံးပြုရသောဖြစ်စဉ်များဖြစ်သည်။ ရေရှားပါးချိန်၊ ရေပြတ်လပ်သည့် အချိန်အခါများတွင်မူ အစက်ချရေပေးစနစ်ကဲ့သို့သော ရေအရင်းအမြစ်ကို ပိုမို ထိရောက်သော အသုံးချနည်းများဖြင့် စိုက်ပျိုးရန်လိုအပ်သည်။ စိုက်ပျိုးပြီး (၁- ၃၅)ရက် အတွင်း အတက်မှအညှောင့်ထိုးနေချိန်တွင် ရေကို တစ်ပတ်ခြားတကြိမ်၊ အပင်ကြီးထွားချိန် (၃၆-၁၀၀)ရက်အတွင်းတွင် ဆယ်ရက်ခြားစီတစ်ကြိမ်၊ (၁၁၀-၂၇၀)ရက် အတွင်း တစ်ပတ်ခြားစီ တစ်ကြိမ်နှင့် (၂၇၁)ရက်မှ ရိတ်သိမ်းချိန်ထိတိုင်အောင် ဆယ့်ငါးရက်ခြားတကြိမ် ရေသွင်းရေထုတ် ပြုလုပ်ပေးရန်လိုအပ်သည်။ ရေသွင်းရေထုတ် အကြိမ်ရေသည် အပူပိုင်း စိုစွတ်ဒေသတွင် တနှစ်ပတ်လုံး အကြိမ်ရေ (၃၅ – ၄၀)ကြိမ်၊ နွေးသမပိုင်း စိုစွတ်ဒေသတွင် အကြိမ်ရေ (၈- ၁၀) ကြိမ် ပျမ်းမျှလိုအပ်သည်။
မြေဩဇာ အသုံးပြုခြင်း
——————–
တစ်ဧကအတွက် မြေဆွေး(၁တင်းခွဲအိတ်)နှင့် (၂၅ -၃၀) အိတ်ထည့်ရမည်။ တစ်ဧကလျှင် ယူရီးယား(၅၀)ကီလို ၂အိတ်၊ တီစူပါ(၅၀)ကီလို ၁အိတ်နှင့် ပိုတက် (၅၀)ကီလို ၁အိတ်နှုန်း ထည့်သွင်းရပါမည်။ ကြံပင်ငယ်စဉ်မှ အပင်ပွားချိန်၊ ကြီးချိန်ထိ ပုလဲမြေသြဇာကို ဂရုတစိုက် ကျွေးရပါမည်။ မြေခံတွင် တီစူပါ (ဖော့စဖိတ်)မြေဩဇာ ကျွေးရပါမည်။ တီစူပါသည် ကြံပင်၏ ပွားစည်းမှုနှင့် အမြစ်များသန်မာစေရန်ဖြစ်ပြီး ပိုတက်ရှ်မြေသြဇာသည် အစာချက်လုပ်မှု ကောင်းစေရန်နှင့် အပင်ယိုင်လဲမှုမဖြစ်စေရန် တောင့်တင်းသန်မာစေရန်အတွက်ဖြစ်ပါသည်။
ကြားပေါင်းလိုက်ခြင်း
——————
ကြံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် ပေါင်းနှိမ်ရန်အတွက် ရေအမြဲတစေရှိနေသော မြေဖြစ်ပါက ပေါင်းအလွန်ပေါသည့်အပြင် ကြံပင်အတွက်ကျွေးသော မြေဆီကိုလည်းလုယူစားသုံးခြင်းကြောင့် ပိုမို ကြီးထွား၍ နှိမ်နင်းရန်အလွန်ခက်သည်။ စိုက်ပျိုးပြီး တစ်လမှတစ်လခွဲအထိ ပေါက်ပြားဖြင့် လက်ပေါင်းလိုက်ခြင်းကို ဂရုတစိုက်ပြုလုပ်ပေးသင့်သည်။ မစိုက်ပျိုးမီ “2,4 D” ကဲ့သို့သော ပေါင်းသတ်ဆေးများသုံးနိုင်သည်။ ပေါင်းသတ်ဆေးအသုံးပြုခြင်းအပြင် ဘက်စုံပေါင်းနှိမ်ခြင်း နည်းစနစ်ကိုလည်း ကျင့်သုံးသင့်သည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်စက်သုံးခြင်းအပြင် အခြားသက်တမ်းတိုအပင်များစိုက်ပျိုးခြင်းဖြင့် ပေါင်းကိုနှိမ်နင်းနိုင်သည်။
သီးလှည့်စနစ် စိုက်ပျိုးခြင်း
———————–
သီးလှည့်စိုက်ပျိုးခြင်းသည် ပေါင်းနှိမ်နှင်းရန်အတွက်အထောက်အကူပြုသောနည်းစနစ်ဖြစ်သည်။ စိုက်ပျိုးရေပေါများစွာ ရရှိနိုင်သောဒေသများနှင့် မိုးရေချိန်လက်မမြင့်သော ဒေသများတွင် ကြံ၏ သီးလှည့်သီးနှံအဖြစ် စပါးကိုစိုက်ပျိုးသင့်သည်။ မိုးရေချိန်လက်မ နိမ့်သောဒေသများတွင် ဝါကို သီးလှည့်စိုက်နိုင်သည်။ ထို့အပြင် နနွင်း၊ ငှက်ပျော၊ မြေပဲ၊ ပဲပုပ်နှင့် အခြားပဲသီးနှံ တို့ကို သီးလှည့်အဖြစ် စိုက်ပျိုးနိုင်သည်။ အပိုဝင်ငွေရစေရန် အာလူး၊ ကြက်သွန်နီ တို့ကိုလည်းစိုက်ပျိုးနိုင်သည်။
အထွက်နှုန်း
———-
အထွက်နှုန်းမှာ ရေရရှိမှု၊ မြေဩဇာထည့်သွင်းနိုင်မှု၊ မြေအမျိုးအစားပေါ် မူတည်ပြီး ၁ ဧကလျှင် တန်ချိန် (၄၀- ၆၀) ကြား ထွက်ရှိနိုင်ပါသည်။
Sources : ကြံစိုက်ပျိုးနည်းစနစ် (မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း)
