ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁)မှ သူရဲကောင်းနှစ်ဦးရဲ့ တုနှိုင်းဖွယ်ရာမရှိသောဂုဏ်ဒြပ်

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁)ကို ဝင်ရောက်လာတဲ့ နိုင်ငံ့သားကောင်းတွေဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် အားတက်သရော ဝင်ရောက်လာခဲ့တဲ့သူတွေဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း သင်တန်းမှာလည်း စစ်ပညာများကို တက်ကြွစွာ ပညာသင်ကြားခဲ့ကြသလို သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာ တပ်/ဌာနတွေကို ရောက်ရှိတာဝန်ထမ်းဆောင်ရတဲ့ အခါမှာလည်း တက်ကြွစွာ တာဝန်ထမ်းဆောင်ကြဖို့ အသင့်ဖြစ်နေခဲ့ကြပါတယ်။ အဲဒီအထဲမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ရင်းကို ရောက်ရှိလာတဲ့အထဲမှာ တပ်သား ထက်အောင်ကျော်နဲ့ တပ်သား ဟိန်းရာဇာတို့လဲ ပါဝင်ပါတယ်။

သူတို့နှစ်ယောက်ဟာ အထက်လူကြီးများရဲ့ ညွှန်ကြားချက်အရ နောက်တန်းဌာနချုပ်မှာသာ တပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေရပေမဲ့ စစ်သွေးစစ်မာန်တက်ကြွနေလွန်းတဲ့ စစ်သည်တွေ ဖြစ်ကြပါတယ်။ တပ်ရင်းနဲ့အတူ ရှေ့တန်းမှာ ရဲရဲရင့်ရင့်ပါဝင်တိုက်ခိုက်လိုသူတွေဖြစ်ပြီး အကြမ်းဖက် သောင်းကျန်းသူ တွေကို တိုက်ခိုက်ချေမှုန်းလိုတဲ့စိတ်တွေ တဖွားဖွားရှိ နေခဲ့တာအမှန်ပါပဲ။ ဒါပေမဲ့ တပ်မတော်ရဲ့ စည်းကမ်းနဲ့အမိန့်ကို နာခံရင်း နောက်တန်းဌာနချုပ်မှာ အထက်အရာရှိ၊ ဆရာ/ဆရာကြီးတွေ၊ ရဲမေတွေနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ကြတယ်။

တစ်ရက်မှာတော့ ရန်သူတွေဟာ ဒရုန်းအကူအညီတွေနဲ့အတူ အင်အားအလုံးအရင်းနဲ့ သူတို့တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ကြပါတော့တယ်။ တပ်သား ထက်အောင်ကျော်နဲ့ တပ်သား ဟိန်းရာဇာတို့ဟာ သူတို့တတ်မြောက်ထားတဲ့ စစ်ပညာကို လက်တွေ့အသုံးချရင်း အရာရှိ/စစ်သည် တွေနဲ့အတူ တပ်ရင်းကို ကြံ့ကြံ့ခံခုခံကာကွယ်ခဲ့ကြပါတယ်။ နိုင်ငံတော်အတွက် အသက်ပေး ကာကွယ်လိုစိတ် ပြင်းပြနေတဲ့ ပြည်သူ့စစ်မှုထမ်းစစ်သည်တွေဟာ တိုက်ခိုက်လာတဲ့ ရန်သူတွေကို ရဲရဲရင့်ရင့်နဲ့ ချေမှုန်းတိုက်ခိုက်ခဲ့ကြတယ်။

များပြားလှတဲ့ ရန်သူ့အင်အားတွေနဲ့ Drop Bomb အလုံးပေါင်းများစွာနဲ့ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် မိမိတို့စစ်သည်တွေ ဒဏ်ရာရရှိသူတွေများလာတဲ့အခါ သူရဲကောင်း ပြည်သူ့စစ်မှုထမ်း နှစ်ဦးဟာ တပ်ရင်းဗဟိုကင်းကနေ ရန်သူတွေကို ခုခံပစ်ခတ်ခဲ့ကြပါတယ်။ ကျည်တစ်တောင့် လူတစ်ယောက်နှုန်းနဲ့ စနစ်တကျ ခံစစ်ဆင်ရင်း ငါသေမှ ငါ့စခန်း/ငါ့တပ်ကို ရမယ်ဆိုတဲ့စိတ်နဲ့အတူ ဗဟိုကင်းထဲကနေ ကျန်ခဲ့တဲ့ လက်နက်မျိုးစုံနဲ့ ပတ်လည်ပစ်ခတ်ရင်း ရန်သူကို အင်အားများသယောင်လှည့်စားကား နောက်ချန်အဖွဲ့နဲ့အတူ စစ်နည်းဗျူဟာကျကျ ခုခံကာကွယ်ခဲ့ပါတယ်။

နောက်ဆုံးဘယ်လိုမှ အင်အားချင်းမမျှလို့ ဆုတ်ခွာရမယ့် အချိန်ကို ရောက်လာတဲ့အခါမှာတောင် တပ်မိသားစုဝင်တွေ၊ ဒဏ်ရာရစစ်သည်တွေကို အရင်ဆုံး ဆုတ်ခွာစေပြီး တပ်ရင်းဗဟိုကင်းကနေ ရန်သူတွေကို တစ်နာရီကျော်ကြာ ခုခံပစ်ခတ်ကြရင်း  လူစုတွေ ကွဲကုန်ကြပါတယ်။

များပြားလှတဲ့ရန်သူတွေဟာ တပ်ရင်းဗဟိုကင်းရှေ့ မီတာ ၅၀ အကွာရောက်ရှိ လာချိန်မှာတော့ ရရာလက်နက်တွေကို သယ်နိုင်သမျှသယ်ထုတ်ပြီး သူတို့နှစ်ဦး ခွာစစ်ဆင် ခဲ့ကြပါတယ်။ တပ်ရင်းဗဟိုကင်းကနေ ဆုတ်ခွာခဲ့ပြီး တပ်ရင်းဆေးခန်းရှေ့အရောက် ဆေးခန်း အတွင်းမှာ ဒဏ်ရာရစစ်သည် ၇ ယောက်ကိုတွေ့လိုက်ရပါတယ်။ ရဲဘော်စိတ်ပြည့်ဝတဲ့ သူတို့နှစ်ယောက်ဟာ ဒဏ်ရာရသူတွေကို တစ်ယောက်ချင်းသယ်ထုတ်ပြီး လမ်းမှာတွေ့တဲ့ ကားတွေကို အကူအညီတောင်းကာ ဘေးလွတ်ရာပို့ပေးဖို့ တင်ဆောင်ပေးခဲ့ ကြပါတယ်။

ဒဏ်ရာရစစ်သည် ၇ ယောက်ကို သယ်ထုတ်ခဲ့ကြတဲ့အချိန်အတွင်းမှာပဲ ရန်သူတွေဟာ တပ်ရင်းထဲကို တဖြည်းဖြည်းစိမ့်ဝင်လာပြီဖြစ်ပါတယ်။ သူတို့ပြန်လည် ဆုတ်ခွာနိုင်ဖို့အတွက် သူတို့သယ်လာသမျှ လက်နက်တွေနဲ့ ပစ်ခတ်ခုခံရင်း ဟန့်စစ်ဆင်ခုခံဆုတ်ခွာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ပြည်သူစစ်မှုထမ်းနှစ်ယောက်မှာထားတဲ့ တူညီတဲ့စိတ်ဓာတ်တစ်ခုကတော့

“ငါတို့ တပ်ရင်းကနေ ငါတို့ နောက်ဆုံးဆုတ်ခဲ့ကြတယ်၊ ဒဏ်ရာရစစ်သည် ၇ ယောက်အသက်ကိုလဲ ကယ်နိုင်ခဲ့ပြီ၊ ငါတို့ လူဖြစ်ကျိုးနပ်ပြီ၊ ရဲဘော်စိတ်နဲ့ ငါတို့စစ်သည်တွေကို ငါတို့ ကယ်ထုတ်ပေးနိုင်ခဲ့ တဲ့အတွက် ငါတို့နှစ်ယောက်ရဲ့ အသက်တွေသေရင်လည်း မြတ်ခဲ့ပြီ” ဆိုတဲ့စိတ်ပဲဖြစ်ပါတယ်။

သူတို့ ဆုတ်ခွာလာပြီးတဲ့နောက်မှာ အိမ်ပြန်မယ်ဆိုတဲ့စိတ်ကူး လုံးဝမရှိဘဲ သူတို့တပ်ရင်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုတဲ့ မာကျောတဲ့စိတ်ဓာတ်သာ ကိန်းအောင်းလျက်ရှိပါတယ်။ သူတို့ဟာ ပြန်လည်စုစည်းကြဖို့ နည်းမျိုးစုံနဲ့

သူတို့ တပ်ရင်းက လူတွေကို မရမကလိုက်လံဆက်သွယ်ရင်း နီးစပ်ရာတပ်တစ်ခုကို ရောက်ရှိသတင်းပိုခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ သူတို့တပ်ရင်းကို တပ်မတော်စစ်ကြောင်းများမှ ပြန်လည် တိုက်ခိုက်နေပြီလို့ သိရချိန်မှာတော့ သက်ဆိုင်ရာအရာရှိကို သတင်းပို့ပါတယ်။

“ဗိုလ်ကြီး ရှေ့တန်းမှာ စစ်သည်တစ်ယောက်တိုးရင် တစ်ယောက်အားရှိပါတယ်၊ ကျွန်တော် တပ်ကို ပြန်တိုက်နေချိန်မှာ ကျွန်တော်တို့ ဒီအတိုင်း ထိုင်မနေချင်ဘူး၊ ကျွန်တော်တို့ ရှေ့တန်းကို ပြန်လိုက်ချင်ပါတယ်” လို့
သတင်းပို့ကြပါတယ်။

အလွန်လေးစားအားကျဂုဏ်ယူဖွယ်ကောင်းတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်ကြပါတယ်။ ရှေ့တန်းစစ်မြေပြင်မထွက်ရသော်လည်း နောက်တန်းဌာနချုပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရင် စစ်ရေးအတွေအကြုံရရှိသွားကြတဲ့ အံ့မခန်း ပြည်သူစစ်မှုထမ်းတွေပါပဲ…

တပ်သား ထက်အောင်ကျော်နဲ့ တပ်သား ဟိန်းရာဇာတိုနှစ်ယောက်ဟာ ကိုယ်တိုင်ဆန္ဒပြုပြီး တပ်မတော်ကိုဝင်ရောက်လာကြတဲ့ ပြည်သူ့စစ်မှုထမ်းတွေဖြစ်ကြပြီး  တပ်သား ထက်အောင်ကျော် ဟာ စာသင်သားသံဃာတော်တစ်ပါးဖြစ်ခဲ့ပြီး အခုသူဖြစ်ချင်တဲ့ စစ်သားဘဝကို လိုချင်လို ပြည်သူ့စစ်မှုထမ်းကို ၅ နှစ် တာဝန်ထမ်းဆောင်ပြီးနောက်မှာ ဘဝတစ်လျှောက်လုံး သာသနာ့ဘောင်ဝင်ပြန်ဝင်ပြီး ဘုန်းကြီး ဝတ်မှာလို ကြွေးကြော်ထားသူဖြစ်ပါတယ်။

သူတိုနှစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့လုပ်ဆောင်ချက်တွေဟာ စစ်သည်တော်ကောင်းတွေရဲ့ဂုဏ် ဒြပ်ဖြစ်ပြီး သမိုင်းအစဉ်အလာကြီးမားတဲ့ တပ်မတော်မှာရှိတဲ့ ရဲရင့်ပြောင်မြောက်တဲ့ ရဲဘော်စိတ် ပိုင်ရှင်တွေရဲ့ မြင့်မြတ်တဲ့နှလုံးသားတွေကို ဖော်ညွှန်းပြသနေတာပဲဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်ပိုင်ရှင် တွေနဲ့ ဖွဲစည်းတည်ဆောက်ထားတဲ့ မြန်မာ့တပ်မတော်ကြီးဟာ သောင်းကျန်းမှုမှန်သမျှကို အောင်နိုင် ပြီး ကမ္ဘာတည်သရွေ့ ထာဝရအဓွန့်ရှည်ခိုင်မြဲနေမှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ဒီသူရဲကောင်း နှစ်ယောက်ရဲ့လုပ်ရပ်နဲ့ စိတ်ဓါတ်ကိုကြားသိရတဲ့အခါမှတော့ သမိုင်း အစဉ်အဆက်က တပ်မတော်ရဲ့သူရဲကောင်းရဲဘော်များကို ပြန်လည်သတိရမိရင်း ပြည်သူ့စစ်မှုထမ်း သူရဲကောင်းနှစ်ယောက်ကိုလဲ ရင်ထဲကနေ လှိက်လှိက်လှဲလှဲနဲ့ လက်တင် အလေးပြုအပ်ပါတယ် ရဲဘော်တို့…  …။

မောင်နန်းဝေ(မနောမြေ)