ဇွန်လ ၃၀ ရက်နေ့မှုခင်းသတင်းများ

_ဇွန်လ ၂၉ ရက် ၁၅၃၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့သည် ရေကျော်ကျေးရွာ အနီးမှ လက်နက်ကြီးဖြင့် ၁ ချက် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ သုံးခွကျေးရွာရှိ ဓမ္မဒူတစာသင်တိုက်၊ ဆွမ်းချက် ဆောင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆွမ်းချက်ဆောင်အနီးရှိနေသည့် ရှင်သုစိတ္တ(၁၀ နှစ်၊ ၃ ဝါ)တွင် ရင်ဘက်၊ ယာခြေသလုံးအစထိမှန်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ပြီး သီတာချို(၄၉)နှစ်၊ အမှတ်(၂)ရပ်ကွက်၊ သိမ်ဇရပ်မြို့နေသူတွင် ယာခြေသလုံးအစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။

-ဇွန်လ ၂၉ ရက် ၀၈၃၀ နာရီတွင် မြိုင်မြို့နယ်၊ ကန်နီကျေးရွာတွင်နေထိုင်သော ဦးဆင်အောင်(၆၈)နှစ်နှင့် ညီဖြစ်သူ ဦးအောင်မြင့် (၅၉)နှစ်တို့ ၂ ဦးသည် ၎င်းတို့ပိုင်ဆိုင်သည့် ယာခင်းသို့ ဟင်းသီးဟင်းရွက်ခူးရန် ထွက်ခွာသွားခဲ့ရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ ကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၇၀၀ ခန့်အကွာ တောတိုက်၌ ဦးဆင်အောင်နှင့် ဦးအောင်မြင့်တို့ ၂ ဦးအား လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အလောင်းဘေး၌ အကြမ်းဖက်အဖွဲ့မှ မိုင်းများ ထောင်ထားသည်ကိုတွေ့ရှိခဲ့သောကြောင့် အလောင်းအား ကျေးရွာအတွင်းသို့ သယ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၂၉ ရက် ၀၅၃၀ နာရီတွင် ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာတွင်နေထိုင်သော ဦးစောမောင်(၇၉)နှစ်၊ ပညာရေးဝန်ထမ်း(ငြိမ်း) သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ဦးစောမောင် အား ဖမ်းဆီးခေါ်ဆောင်ကာ ကတောက်ချောင်းကျေးရွာနှင့် တုံကျေးရွာသွားကားလမ်းဆုံအရောက်၌ အကြမ်း ဖက်သတ်ဖြတ်ခဲ့ရာ ဦးစောမောင်တွင် လည်ပင်းထိုးသွင်း/ပြတ်ရှ၊ ယာနံကြားထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၂၉ ရက် ၁၈၁၅ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်တွင် နေထိုင်သော ကျော်မျိုးမြင့်(ခ)ဖိုးကျော်(၄၃)နှစ်သည် ရပ်ကွက်အတွင်းရှိ ထမင်းကြော်ဆိုင်၌ ထမင်းစားနေစဉ် အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ကျော်မျိုးမြင့် (ခ)ဖိုးကျော်တွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၂၉ ရက် ၁၈၅၀ နာရီတွင် ရေနံချောင်းမြို့နယ်၊ ကန်သာရွာသစ်ကျေးရွာတွင် နေထိုင်သော ဇော်ဝင်းမောင် (၃၅)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီး ဇော်ဝင်းမောင် နှင့် ၎င်း၏ညီဖြစ်သူ မျိုးစန်းအောင်(၂၈)နှစ်တို့ ၂ ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဇော်ဝင်းမောင်နှင့် မျိုးစန်းအောင်တို့တွင် ဦးခေါင်း၊ ရင်ဘက်၊ ခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့။