တပ်မတော်နည်းပညာတက္ကသိုလ်ရှိ နည်းပြ/သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ရှိ နည်းပြများ သင်တန်းသားများဖြင့် သွားရောက်တွေ့ဆုံခဲ့ပြီး သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်စဉ်ကာလပတ်လုံး စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှုရှိရန်၊ အလားတူအခြေခံလေ့ကျင့်ရေးများ ဆောင်ရွက်ရာတွင် လေ့ကျင့်သားပြည့်ဝရန်အတွက် စနစ်တကျလေ့ကျင့်ဆောင်ရွက်ရန်လိုအပ်ပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းရန်၊ ကျန်းမာကြံ့ခိုင်မှုရှိရန် လိုအပ်ကြောင်း “ချွေးထွက်များမှ သွေးထွက်နည်းမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ တစ်ဦးချင်းနေ့စဉ်လုပ်ဆောင်နေရသည့် တာဝန်များကို မှန်မှန်ကန်ကန်လိုက်နာလုပ်ဆောင်ရန်လိုအပ်သလို အထွေထွေဗဟုသုတများ ပြည့်စုံစေရေးအတွက်လည်း စာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရန်လိုအပ်ကြောင်းနှင့် တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာ တပ်မတော်သားကောင်းပီသအောင် နေထိုင်ကျင့်ကြံ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

အင်ဂျင်နီယာတစ်ယောက်အမြင်ဖြင့် မိမိဆောင်ရွက်ရမည့်လုပ်ငန်းများကို အင်ဂျင်နီယာရှုထောင့်မှမည်ကဲ့သို့ ကောင်းမွန်အောင် ဆောင်ရွက်မည်ကို စဉ်းစားတွေးခေါ်ဆောင်ရွက်ရန်လိုပြီး Engineering Philo-sophy ရှိရန်အတွက် ပညာရပ်နှင့်သက်ဆိုင်သည်များကို အမြဲမပြတ်လေ့လာဖို့ လိုအပ်ကြောင်းနှင့် နည်းပြများသာမက သင်တန်းသားများအနေဖြင့် မြန်မာစကားပုံတွင် “ရေအသက်တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်” ရှိရာ အလားတူစာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်သဖြင့် “ပညာအသက်သည် ဘဝတစ်သက်” ဖြစ်ကြောင်း၊ တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်း ဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ပြီး ခေါင်းဆောင်ကောင်းဖြစ်ဖို့ မိမိကိုယ်တိုင် လေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။