မတ်လ ၁၉ ရက်နေ့ မှုခင်းသတင်းများ

-မတ်လ ၁၈ ရက် ၁၃၀၀ နာရီတွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာ၊ ညောင်ပင်ရပ်ကွက်ရှိ ဂျန်ဂါ မိတ္တူ/ ကွန်ပျူတာဆိုင်ပိုင်ရှင် ခွန်ဂျော်လီ(၄၆)နှစ်သည် ဆိုင်အတွင်းရှိနေစဉ် အကြမ်းဖက် ကျား ၃ ဦးမှ ဆိုင်ကယ် ၁ စီး ဖြင့် ရောက်ရှိလာပြီး အသင့်ပါရှိလာသည့် ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ခွန်ဂျော်လီတွင် ငယ်ထိပ်၊ ယာခါး၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ခွန်ဂျော်လီသည် PDF အကြမ်းဖက် အဖွဲ့အတွက် လူသစ်စုဆောင်းပေးနေသူတစ်ဦးဖြစ်သဖြင့် နမစ(နမတ)မှ ပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့်လှစ်ထား ရှိပြီး ထွက်ပြေးလွတ်မြောက်နေသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းအား မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသူများမှ လာရောက်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရ။

-မတ်လ ၁၈ ရက် ၁၉၅၅ နာရီတွင် မြစ်သားမြို့နယ်၊ ကျောက်ဖြူကျေးရွာနေ အာကာကျော်(၁၈)နှစ်နှင့် သီဟထွေးတို့ ၂ ဦးသည် မြစ်သားမြို့ရှိ COFFEE HOUSE ဆိုင်မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ကူဖြူကျေးရွာအဝင် အရောက်၌ အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ အာကာကျော်တွင် နောက်ကျော၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်‌ သေဆုံးသွားခဲ့ကြောင်း သိရှိရ။