အဆင့်မြင့်နည်းပညာသုံးစစ်ရေးဘက်မှာ တရုတ်နှင့် ရုရှားတို့ပူးပေါင်း

Russian President Vladimir Putin meets Defence Minister Sergei Shoigu and vice chairman of China's Central Military Commission General Zhang Youxia at the Novo-Ogaryovo state residence outside Moscow, Russia November 8, 2023. Sputnik/Sergei Bobylev/Pool via REUTERS

အရေးကြီးတဲ့ အဆင့်မြင့်နည်းပညာသုံးစစ်ရေးဘက်မှာ တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်သို့ ရောက်ရှိနေတဲ့ တရုတ်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျောင်ရိုးလက်ဇီယာ (Zhang Youxia) နဲ့ တွေ့ဆုံစဉ် ပူတင်က အထက်ပါအတိုင်းပြောကြားခဲ့တာပါ။ အဲဒီစစ်ဗိုလ်ချုပ်ကြီးဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မစ္စပူတင်ဟာ ထောင်နဲ့ချီတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ ယူကရိန်းစေလွှတ်ပြီးတော့ မကျုူးကျော်ခင် ရက်ပိုင်းအလိုမှာပဲ တရုတ်နဲ့ရုရှားတို့ အကန့်အသတ်မရှိ မိတ်ဘက်ဆက်ဆံရေးကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံး နယ်မြေသိမ်းစစ်ပွဲအဖြစ် စံချိန်တင်ခဲ့ပါတယ်။

တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးကျောင်ရိုးလက်ဇီယာကို လက်ခံတွေ့ဆုံရာမှာ မစ္စတာပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံသို့ ဆုမွန်ကောင်းနဲ့စကားလက်ဆောင်ပါးခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကောင်းမွန်မှုတို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုသို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂုလည်း တက်ရောက်ခဲ့ပါတယ်။

“စစ်အေးတိုက်ပွဲဖြစ်ခဲ့စဉ်ကလည်း ရုရှားနဲ့တရုတ်တို့ဟာ ဘယ်လိုစစ်ရေးမဟာမိတ်ကိုမျှ တည်ဆောက်ခဲ့ခြင်း မရှိကြောင်း၊ ရုရှား-တရုတ်ဆက်ဆံရေးဟာ ကမ္ဘာကြီး တည်ငြိမ်စေမယ့်တွန်းအားတစ်ခုဖြစ်ကြောင်း” မော်စကိုမြို့ပြင်ဘက်ရှိ Novo-Ogaryovo နေအိမ်မှာ ဗိုလ်ချုပ်ကြီးကျောင်ရိုးကို လက်ခံတွေ့ဆုံစဉ် ပူတင်က ပြောကြားခဲ့ပါတယ်။