သင်္ဘောပင်သည် မြန်မာနိုင်ငံ၌ စီးပွားဖြစ်စိုက်ပျိုးနေသော ဝင်ငွေရ ဥယျာဉ်ခြံ သီးနှံတစ်ခုဖြစ်ပါသည်။ စျေးကွက်သေချာလျှင် တွက်ချေကိုက်သောသီးနှံဖြစ်သည်။ ထို့အပြင် ၎င်းအား အိမ်ခြံမြေအတော်များများတွင် တပိုင်တနိုင် စိုက်ပျိုးလေ့ရှိသော သီးနှံလည်း ဖြစ်ပါသည်။ သင်္ဘောပင်စိုက်ပျိုးရာတွင် ပိုးမွှားရောဂါများကို စနစ်တကျကာကွယ်နှိမ်နင်းရန် အရေးကြီးသကဲ့သို့ အပင်နှင့် အသီးအပွင့်များရှင်သန်ကြီးထွားရန် ဓာတ်မြေသြဇာများ အချိုးကျ ထည့်သွင်းပေးမှုသည်လည်း မရှိမဖြစ်လိုအပ်လှပါသည်။
သင်္ဘောစိုက်ပျိုးရာ၌ အနည်းလိုအာဟာရဓာတ် ဘိုရွန်ချို့တဲ့မှု လက္ခဏာ (Boron Deficiency) သည် သင်္ဘောပင်စိုက်ပျိုးသူတောင်သူများ အကြုံတွေ့များရဆုံးနှင့် အဆိုးဆုံးပြသနာတွေထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ စီးပွားဖြစ်သင်္ဘောစိုက်ခင်းများတွင် ဘိုရွန်ချို့တဲ့မှု ဆိုးရွားစွာ ဖြစ်ပေါ်ပါက အရှုံးနှင့် ရင်ဆိုင်ရသည်က များပါသည်။ ထိုကဲ့သို့ သဘောင်္စိုက်တောင်သူများ ရင်ဆိုင်ကြံုတွေ့နေရသည့် အနည်းလိုအာဟာရဓာတ် တစ်မျိုးဖြစ်သော ဘိုရွန်၏ ချို့တဲ့မှု၊ လွန်ကဲမှုနှင့် ကာကွယ် ဖြေရှင်းနည်းများကို လေ့လာသိရှိနိုင်ရန် အကျဉ်းချုံးရေးသား ဖော်ပြအပ်ပါသည်။
ဘိုရွန်လွန်ကဲမှု လက္ခဏာများ
သင်္ဘောပင်၏ ဘိုရွန်လွန်ကဲမှုလက္ခဏာ ပထမဆုံးစတင်ပြသည်မှာ အရွက်ဖျား ထိပ်ပိုင်းများနှင့် အရွက်ရင့်များ၏ ရွက်နားများ ဝါလာခြင်းနှင့် အရွက်ဘေးနားများ အထက်သို့ လိပ်လာခြင်းဖြစ်သည်။ အရွက်များသည် ခြောက်သွားပြီး အချိန်မတန်မီ ကြွေကျသွားသည်။ နောက်ဆုံး၌ အပင်တစ်ပင်လုံးသေသွားသည်။ ဘိုရွန်လွန်ကဲမှုလက္ခဏာသည် ချို့တဲ့မှုလက္ခဏာထက် ဖြစ်ပေါ်မှု နည်းပါးပါသည်။
ဘိုရွန်ချို့တဲ့မှုလက္ခဏာများ
အပင်ငယ်များတွင် ပထမဆုံးမြင်တွေ့ရမည်ဖြစ်သော ချို့တဲ့မှု လက္ခဏာမှာ အပင်၏ ထိပ်ဖျားမှ အောက်ဖက် တတိယ၊ စတုတ္ထနှင့် ပဥ္စမမြောက် အရွက်များပေါ်တွင် အဝါရောင် အနည်းငယ်စတင်သန်းလာခြင်းနှင့် အရွက်၏ ထိပ်ဖျားများ အောက်ဖက်သို့ ကုပ်၍ ကြွတ်ဆတ်ကာ တိရစ္ဆာန်လက်သည်းများသဖွယ် (claw like) ဖြစ်လာခြင်းတို့ဖြစ်ပါသည်။ အပင်ကြီးအရွယ်တွင် သင်္ဘောပင် ပင်စည်အထက်ပိုင်း အရွက်၏ ရိုးတံနှင့် အဓိက အရွက်ကြောမကြီးများ၏ အောက်ဖက်တွင် ခရမ်းညိုရောင် အစေးများ ဖြစ်ပေါ်နေတတ်သည်။ အရွက်နုများသည် အရွက်ပြားအရွယ်အစား သိသိသာသာသေးသွားသည်။ အရွက်ဘေးနားများ ပုံပျက် ကြွတ်ဆတ်လာကာ ဆဲလ်သေခြောက်နာ (necrosis) များ ဖြစ်လာသည်။ သင်္ဘောပင်၏ ထိပ်ဖျားပိုင်းနှင့် ရိုးတံဆက်နေသောနေရာမှ ပင်စည်များကွဲအက်လာသည်။ ဆိုးဝါးလာလျှင် အပင်၏ထိပ်ဖျားပိုင်းသည် တွန့်လိမ်ပုံပျက်၍ အနာများဗရပွဖြစ်နေပုံ ပေါက်လာသည်။ အရွက်နုများသည် အရွက်ကြီးအဖြစ် ဆက်လက်ကြီးထွားမလာတော့ဘဲ ရပ်တန့်သွားသည်။ အမြစ်အရွယ်အစားများလည်း သေးငယ်သွားပြီး အဖုအထစ်များ ဖြစ်ပေါ်လာသည်။ ဘိုရွန်ဓာတ်ချို့တဲ့သော သင်္ဘောပင်သည် ပုပြီး လအနည်းငယ်ကြာလျှင် သေသွားသည်။ အပွင့်ပွင့် အသီးသီးနေသော အပင်တွင် ဘိုရွန်ချို့တဲ့မှု လက္ခဏာ စတင်ပြသည်မှာ ပန်းပွင့်များ ကြွေလာခြင်းဖြစ်သည်။ ပန်းပွင့်ကြွေကျမှုသည် အဖိုပင်တွင် ပို၍ သိသာထင်ရှားသည်။ အမပင်တွင်လည်း အသီးတင်မှု ညံ့သွားပြီး ပန်းခိုင်ပေါ်တွင် အရွက်နှင့်တူသောအရာများ ပါလာတတ်သည်။ သီးသောအသီးများမှာလည်း မျက်နှာပြင်ကြမ်းပြီး အဖုအထစ်များ ပါနေသည်။ အသီးမှည့်မှုသည် မညီညာတော့ဘဲ သကြားဓာတ်ပါဝင်မှုလည်း နည်းသွားသည်။ ထို့အပြင် အစေ့တည်မှု နည်းသွားပြီး တည်သောအစေ့များလည်း များသောအားဖြင့် သန္ဓေမအောင်တော့ပေ။
ဘိုရွန်ချို့တဲ့မှုကို ဖြစ်စေသော အကြောင်းအရင်းများ
သင်္ဘောစိုက်ပျိုးရာတွင် ဘိုရွန်ချို့တဲ့မှုကို ဖြစ်စေသော အဓိကအကြောင်းအရင်းများမှာ စိုက်ပျိုးသောမြေ၊ ရာသီဥတုနှင့် စိုက်ပျိုးပြုစုနည်းစနစ်တို့ကြောင့်ဖြစ်သည်။ ဘိုရွန်ချို့တဲ့မှု လက္ခဏာကို သဲဆန်သောမြေ၊ သဲနုံးမြေနှင့် ဆီလီကာ (Silica) ပါဝင်မှုများသော မြေများနှင့် ထုံးဓာတ် (calcium) ပါဝင်မှုများသော မြေများတွင် အတွေ့ရများလေ့ရှိသည်။ အက်ဆစ်ဆန်သော မြေချဉ်များတွင် အပင်များမှ ဘိုရွန်ကို အလွယ်တကူ စုပ်ယူနိုင်ပြီး မြေငံများတွင် အလွယ်တကူ စုပ်ယူမစားသုံးနိုင်ပါ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အက်ဆစ်ဆန်သော မြေချဉ်များမှ ဘိုရွန်သည် စိမ့်ဝင်ပျောက်ကွယ်သွားသည်။ ပူပြင်းခြောက်သွေ့မှုသည်လည်း အပင်၏ ဘိုရွန်စုပ်ယူနိုင်မှုကို အဟန့်အတားဖြစ်စေသောကြောင့် ဘိုရွန်ချို့တဲ့မှု လက္ခဏာကို ဖြစ်စေပါသည်။ စိုက်ခင်းအား ရေသွင်းမှုများခြင်း၊ ထုံးထည့်မှုများခြင်း၊ နိုက်ထရိုဂျင်ဓာတ်ပါသောမြေသြဇာနှင့် ပိုတက်ဓာတ်ပါသော မြေသြဇာများထည့်သွင်းမှုများခြင်း၊ အပင်တွင် ဖော့စ်ပရပ်ဓာတ်ပါဝင်မှုနိမ့်ကျနေခြင်းနှင့် ကာလအတန်ကြာ မြေဆီသြဇာမထည့်သွင်းဘဲ စိုက်ပျိုးနေခြင်းတို့ကြောင့် ဘိုရွန်ချို့တဲ့မှုကို ဖြစ်ပေါ်စေပါသည်။
ဘိုရွန်ချို့တဲ့မှုအား ကာကွယ်ကုသခြင်း
စိုက်ခင်းအား သဘာဝမြေသြဇာများ ပုံမှန် ထည့်သွင်းနေလျှင် ဘိုရွန်ချို့တဲ့မှုလက္ခဏာအား လျော့နည်းသက်သာစေပါသည်။ ဘိုရွန်ချို့တဲ့မှုလက္ခဏာအား ကာကွယ်ရန် ၃ ပေပတ်လည် စိုက်ကျင်းနေရာအား အပင်မစိုက်မီ ကြိုတင်၍ ယူရီးယား၊ တီဆူပါ၊ ပိုတက်ရှ် ပါသောမြေသြဇာများကို သဲဆန်သောမြေများအတွက် လက်ချား (Borax) ၂၀ ဂရမ်/မြေဆီသြဇာထက်သန်သောမြေများအတွက် လက်ချား ၁၀ ဂရမ်ဖြင့် ရောစပ်၍ မြေခံအဖြစ် ထည့်သွင်းစိုက်ပျိုးပါ။ အပင် ၉ လသား ၁၀ လသားခန့် ရှိလာသောအခါ လက်ချား ၁၀ ဂရမ်ကို ၃ ပေပတ်လည်စိုက်ကျင်းအား ထပ်၍ ထည့်သွင်းပါ။ ယင်းသို့ မထည့်သွင်းလိုလျှင် ရေတစ်လီတာတွင် လက်ချား ၂ ဂရမ်နှုန်းခန့်ဖြင့် ရေနွေးပူတွင် ဖျော်ပါ။ ၎င်းဖျော်ရည်အား အပင်ပေါ်သို့ ၄ ပတ်ခြားတစ်ကြိမ် ပက်ဖျန်းပေးပါ။ ဆောင်းတွင်းကဲ့သို့ အေးသောကာလများတွင် အပင်အား ပက်ဖျန်းပေးခြင်းသည် အပင်ခြေတွင် ထည့်သွင်းပေးခြင်းထက် ပို၍အကျိုးရှိစေပါသည်။ ထို့အပြင် အပင်ပေါ်အား ပက်ဖျန်းပေးခြင်း၏ အားသာချက်မှာ ဘိုရွန်လွန်ကဲမှုလက္ခဏာပြလာလျှင် ပက်ဖျန်းပေးခြင်းအား ရပ်ဆိုင်းထား၍ ရခြင်းပင်ဖြစ်သည်။ အကယ်၍ ဘိုရွန်လွန်ကဲမှု လက္ခဏာပြလာလျှင် အပင်အား လက်ချားဖျော်၍ ပက်ဖျန်းခြင်းကို ၆ ပတ်ကြာမျှ ရပ်ဆိုင်းထားရမည်ဖြစ်ပါသည်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်)