ရှမ်းပြည်နယ်၊ တောင်ကြီး၊ အဝေရာမီးပုံးပျံကွင်းမှာ (ဇွန်လ ၂၆ ရက်)က ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားမှာ တက်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူအချို့ မူးမေ့ သတိလစ်လဲကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မူးမေ့၊ သတိလစ်လဲကျခဲ့ တဲ့ ကျောင်းသား၊ကျောင်းသူများကို တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်က အချိန်မီ ဆေးကုသမှုပေးခဲ့ရပြီး ဆေးရုံပို့ပေးခဲ့ရတယ်ဆိုတဲ့ ဒေသတွင်း သတင်းအချို့က ဖော်ပြထားပေမယ့် အရေအတွက်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
အဆိုပါ အခမ်းအနားမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကနေ ဖမ်းဆီးရမိထားတဲ့ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ Ice(အိုက်စ်)၊ Ketamine (ကတ်တမင်း) စတဲ့ မြန်မာငွေကျပ် ၃၅၅ ဘီလျံကျော်( အမေရိကန်ဒေါ်လာ ၁၆၅ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။