အထူးစစ်ဆင်ရေးတွင် အနောက်အုပ်စု၏ စစ်လက်နက်ပစ္စည်းများကို တိုက်ခိုက်ခဲ့သည့် ရုရှားစစ်ပစ္စည်းများ၏ ထိရောက်မှုအား သိရှိသော ပြည်ပဖောက်သည်နိုင်ငံများသည် ယင်း၏ထိရောက်မှုကို အကဲဖြတ်နိုင်ကြသည်ဟု ရုရှား၏ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က နိုင်ငံတကာရေကြောင်းကာကွယ်ရေး ပစ္စည်းပြပွဲခေတ္တနားချိန်၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မိမိတို့အဆိုပြုခဲ့သည့် စစ်လက်နက်ပစ္စည်းများကို ဆီးရီးယားနှင့် ယူကရိန်းရှိ အမှန်တကယ်တိုက်ပွဲများတွင် စမ်းသပ်ပြီးဖြစ်ကြောင်း၊ နိုင်ငံတကာဝယ်ယူသူများ အနေဖြင့် ရုရှားလုပ် စစ်လက်နက်ပစ္စည်းများနှင့် နိုင်ငံတကာမော်ဒယ်လ်များကို စစ်မြေပြင်တွင်တိုက်ခိုက်မှု ယင်းတို့၏ တိုက်ခိုက်ရေးသွင်ပြင်များနှင့် အသုံးပြုမှု ဆိုင်ရာ ထိရောက်မှုများကို စောင့်ကြည့်နိုင်ပြီး စစ်မြေပြင်တွင် တိုက်ခိုက်ရေး တည်ငြိမ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုကို အကဲဖြတ်နိုင်ကြောင်း၊ ယေဘုယျအားဖြင့် ရုရှားရေတပ်သုံးစစ်လက်နက်ပစ္စည်းများနှင့် ကြည်းတပ်သုံးစစ်လက်နက်ပစ္စည်းများ ၂ ခုလုံးနှင့်ပတ်သက်၍ ယင်းနိုင်ငံများက စိတ်ဝင်စားလျက်ရှိကြောင်း အဆိုပါအဖွဲ့က ဆက်လက်ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံသည် ရေတပ်သုံးစစ်လက်နက်ပစ္စည်း အားလုံးနီးပါးကို ပံ့ပိုးနိုင်သည့် ကမ္ဘာ့နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ယင်းတွင် ရေငုပ်သင်္ဘောများ၊ စစ်ရေယာဉ်များ၊ ကော်ဗတ်ရေယာဉ်များ၊ ကုန်းရေနှစ်သွယ်ချေမှုန်းရေးရေယာဉ်များ၊ ကင်းလှည့်ရေယာဉ်များ၊ မိုင်းခင်းရေယာဉ်များနှင့် တိုင်းတာရေးရေယာဉ်များပါဝင်ကြောင်း ၎င်းတို့က အလေးပေးဖော်ပြခဲ့ပါသည်။
ရုရှား၏ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ရေတပ် နည်းပညာနှင့်ပတ်သက်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခြေအနေကို ချဲ့ထွင်ရန် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင်ပြုလုပ်သည့် နိုင်ငံတကာ ရေကြောင်းကာကွယ်ရေးပစ္စည်းပြပွဲသည် ယင်းအတွက် အရေးပါသည့် အခမ်းအနား တစ်ခုဖြစ်ကြောင်း၊ ရုရှားကုမ္ပဏီများသည် ခေတ်သစ်ရေတပ်သုံး ပစ္စည်းဈေးကွက်ရှိ အရေးပါဆုံးသော လိုအပ်ချက်များကို ကိုက်ညီစေသည့် ယင်းတို့၏ ထုတ်ကုန်များအား ပြသရန် စီစဉ်ထားကြောင်း စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဖော်ပြခဲ့ပါသည်။