အီဂျစ်နိုင်ငံ၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ဘယ်ရီနိမြို့ရှိ ရှေးဟောင်းဘုရား ကျောင်းတစ်ကျောင်းမှ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို တူးဖော်တွေ့ရှိကြောင်းသိရသည်။
ပိုလန်နှင့် အမေရိကန်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ရှေးဟောင်းသုတေ သနအဖွဲ့တစ်ဖွဲ့သည် အီဂျစ်နိုင်ငံအရှေ့ တောင်ဘက် ပင်လယ်နီ အနောက်ဘက် ကမ်းရိုးတန်းရှိ ရှေးဟောင်းဘုရားကျောင်းမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တူးဖော်တွေ့ရှိ ခြင်းဖြစ်ကြောင်း အီဂျစ်ရှေးဟောင်းပစ္စည်း များဆိုင်ရာ ကောင်စီချုပ်ရုံးက ထုတ်ပြန်ထား သည်။
အဆိုပါကျွမ်းကျင်ပညာရှင် အဖွဲ့သည် ၁၉၉၄ ခုနှစ်ကတည်းက ဘယ်ရီနိမြို့ရှိ ရှေးဟောင်းဘုရား ကျောင်းဝင်းအတွင်း တူးဖော်လေ့လာမှုများကို လုပ်ဆောင်နေ ခြင်းဖြစ်သည်။
ယခုတူးဖော်တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်မှာ ဉာဏ်တော် ၇၁ စင်တီမီတာ (၂၈ လက်မခန့်)ရှိပြီး သက်တမ်းအားဖြင့် အေဒီ ၂ ရာစုခန့်ကဖြစ်သည်ဟု ယူဆရသည်။
သို့သော် ဗုဒ္ဓရုပ်ပွားတော်မှာ အကောင်း ပကတိအတိုင်း တည်ရှိနေခြင်း မဟုတ်ဘဲ ညာဘက်ခြမ်း တစ်ခြမ်းလုံးနီးပါး ပျက်စီး ပျောက်ဆုံးနေသည်ကိုတွေ့ရသည်။ ရုပ်ပွား တော်မှာ ကြာပလ္လင်ပေါ်တွင်ရပ်တော်မူကာ ရောင်ခြည်တော် ကွန့်မြူးနေသည့်သဏ္ဌာန် ဖြစ်သည်။
ရုပ်ပွားတော်ကို ကျောက်သားဖြင့် ထွင်းထုထားခြင်းဖြစ်ပြီး ထိုကျောက်သားကို တူကီယဲနိုင်ငံတောင်ပိုင်းရှိ ဒေသတစ်ဝန်း၌ တူးဖော်ရရှိနိုင်သည်ကို ပိုလန်ရှေးဟောင်း သုတေသနပညာရှင် မာရီးယပ်ဂိုယာဇဒါက ပြောသည်။
ရှေးခေတ်က ချမ်းသာကြွယ်ဝသော အိန္ဒိယနိုင်ငံသား ကုန်သည်များသည် ဒေသတွင်း ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို သယ်ဆောင်သွားလေ့ရှိကာ နီးစပ်ရာ ဘုရားကျောင်းကန်များ၌ တည်ထားခဲ့လေ့ရှိသည်ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် ယခုကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်ကို တူးဖော်တွေ့ရှိခြင်းသည် ရောမခေတ်ကာလ အတွင်း အီဂျစ်နှင့်အိန္ဒိယတို့ကြား ကုန်သွယ်ရေး ကူးလူး ဆက်ဆံမှုရှိခဲ့ကြောင်းကို ညွှန်းဆိုပြနေသည့် အရေးကြီးအချက်အလက်ဖြစ်ကြောင်း အီဂျစ်ရှေးဟောင်း ပစ္စည်းများဆိုင်ရာ ကောင်စီချုပ် မိုစတာဖာအယ်ဝါဇီရီက ပြောသည်။
ဘယ်ရီနိမြို့ကို အီဂျစ်ဘုရင် တစ်ပါးဖြစ်သည့် တော်လမီ ၂ က ဘီစီ ၂၇၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အလွန်ကွာဝေးလှသည့် မြေထဲပင်လယ်ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာတို့ကြား ကုန်သွယ်ရေးတွင် အဓိကကျသော တစ်ထောက်နားစခန်း တစ်ခုအဖြစ် တည်ရှိခဲ့သောကြောင့် ရောမခေတ်တွင် ချမ်းသာကြွယ်ဝသော ဒေသတစ်ခုဖြစ်ဖူး ကြောင်း သိရသည်။