

ရက်တစ်ရက်၏ နေ့လယ် ၁၀နာရီကျော်လောက်မှာ တပ်ရင်းမှူး စစ်ကြောင်းဟာ ဗျူဟာရုံးသို့ ကားများနှင့် ဝင်ရောက်လာကြသည်။ စစ်ဆင်ရေး ခွင်ပြောင်းမည်ဖြစ်လို့ ဗျူဟာမှူး၏ ညွှန်ကြားချက်ခံယူရန် ဖြစ်သည်။
အမှတ်(၁)စစ်ဗျူဟာက ကျွန်တော်တို့ တပ်ရင်းထဲမှာပဲ ရုံးစိုက်ထားလို့ ဗျူဟာရုံးနှင့် တပ်ရင်းရုံးက တင်းနစ်ကွင်း တစ်ကွင်းပဲခြားသည်။
စစ်ဆင်ရေး ဝင်လာကြသော တပ်တိုင်း ယခုလို ဗျူဟာကို သတင်းပို့နေကြဖြစ်သည်။ ကျွန်တော်တို့ တပ်ရင်းကျတော့ ကိုယ့်တပ်၏ နောက်တန်း ဌာနချုပ်ထဲ ပြန်ရောက်လာခြင်းဖြစ်သည်။
ဆရာတစ်ယောက်ထဲ ဗျူဟာမှူးနှင့်တွေ့ဖို့ ဗျူဟာရုံးထဲသို့ ဝင်သွား သည်။ အိုင်အိုကိုတောင် ခေါ်မသွား။ ညွှန်ကြားချက် နာခံပြီးရင် ဆက်ထွက် ရမှာတော့ သေချာသည်။ အချိန်ရရှိမှု အနည်းအများသာ မူတည်သည်။
အခြေအနေက ဘာမှန်းမသိလို့ စစ်သည်တွေကို ကားပေါ်က မဆင်း ခိုင်းဘူး။ အုပ်ချုပ်မှု ကိစ္စများရင် လူပြန်စုရခက်သည်။ ကားအောက်က တပ်ရဲတွေနှင့် စောင့်ကြည့်ထားသည်။
ကိုယ့်တပ်ထဲကို ကိုယ့်ယောက်ျားတွေ ပြန်ရောက်လာသည့် သတင်းက အိမ်ထောင်သည်လိုင်းကို အမြန်ဆုံး ရောက်သွားသည်။ ရဲမေတွေကလည်း ယောက်ျားတွေကို လိုအပ်တာတွေ ပေးနိုင်အောင် ကားနားကို ရောက်လာ ကြသည်။ တချို့ဆို ကလေးတို့လို့တွဲလောင်းနှင့်။ ရှေ့တန်း ထွက်သွားလို့ ယောက်ျားတွေနှင့် ခွဲနေရတာတောင် နှစ်လကျော်နေပြီပဲ။
လွမ်းတာတောင် အပြည့်အဝ လွမ်းလို့မရသည့် စစ်သားမိသားစုများ ဘဝ။ ဗျူဟာရုံးရှေ့မှာ ဆူဆူညံညံ မဖြစ်ရအောင် ယောက်ျားတွေက ကားပေါ်က ပလွတ်ပလွတ်နှင့်ပြော၊ မိန်းမတွေက ကားအောက်က ပကျိပကျိပြန်ပြောနှင့် ဆက်သွယ်မှုယူကာ အလွမ်းသယ်နေကြသည်။ တပ်ရဲတွေလည်း ကိုယ်ချင်းစာတော့ မသိသလို နေပေးလိုက်ကြသည်။
အိုင်အို ဗိုလ်ဥာဏ်အောင်နှင့် တပ်ခွဲမှူး အရာရှိများက လိုတာလေးတွေ ဝယ်ဖို့ မြို့ထဲသွားရန် ကားလာတောင်းသည်။
" ဆရာထွက်လာရင် ဘယ်လိုလုပ်မလဲ"
" ကြာဦးမှာပါ အစ်ကိုကြီး... မှီအောင်ပြန်လာမယ်စိတ်ချ" ဟုပြော ပြီး ကားလာသည်နှင့် မြို့ထဲဖက် ထွက်သွားကြသည်။
ဗိုလ်ဥာဏ်အောင်တို့ ထွက်သွားပြီး ၁၅မိနစ်လောက်ပဲ ကြာမည်။ ထင်ထားတာထက်စောပြီး ဗျူဟာရုံးထဲကနေ ဘောက်ဆတ်ဘောက်ဆတ် နှင့် ဆရာထွက်လာပါသည်။ ကားနားကိုရောက်တော့ ရဲမေများက ကုက္ကိုပင် အကွယ်မှာ ပုန်းနေကြသည်။
ဗျူဟာရုံးဖက်ကနေ တပ်ရင်းရုံးကို လျောက်လာသည်။ တပ်ရင်းမှူး ရုံးခန်းထဲမှာ ဝင်ပြီး ထိုင်လိုက်သည်။
" တပ်ထောက်ဗိုလ်ကြီး... ဗိုလ်ဥာဏ်အောင်နဲ့ တပ်ခွဲမှူးတွေ ခေါ် လိုက်"
အဲ့ဒါမှ ပြဿနာ။ ဥာဏ်အောင်တို့က ပြန်မရောက်ကြသေး။ တပ်ရင်း မှူးရုံးခန်း အပြင်ဖက်ကို ထွက်လာပြီး ဥာဏ်အောင်တို့ကို မျှော်နေလိုက် သည်။ ဒီကောင်တွေကလည်း ကြာလိုက်တာ။ အတော်ကြာတော့မှ ရုံးခန်းထဲ ပြန်ဝင်လာကာ...
" အရာရှိတွေ လိုတာလေးတွေ သွားဝယ်နေကြပါတယ်ခင်ဗျ"
ဆရာ့မျက်နှာနီသွားသည်။ စိတ်တိုလျင် ဖြစ်နေကြ ပုံစံအတိုင်း နှုတ် ခမ်းကြီး ရှေ့ထော်လာသည်။
" အရာရှိတွေ မရှိတော့လည်း ရတယ်လေ... တပ်ကြပ်ကိုကြီးနဲ့ ဆက် လုပ်မယ်...ကိုကြီးကိုခေါ်လိုက်"
ထောက်လှမ်းရေးတပ်ကြပ် ကိုကြီးကို ရွဲ့ပြီးခေါ်ခိုင်းခြင်းဖြစ်သည်။ ခက်တာက ဆရာကိုကြီးကလည်း ဗိုလ်ဥာဏ်အောင်နှင့်အတူ မြို့ထဲသို့ ပါ သွားပြန်သည်။
" ဆရာကိုကြီးလည်း ပါသွားပါတယ်ခင်ဗျ"
ဒေါသက အထွဋ်အထိပ်ကို ရောက်နေပြီ။
" ရတယ်...အရာရှိတွေ ဆရာတွေ မရှိလည်း ရဲဘော်နဲ့ ရအောင်လုပ် မယ်၊ တပ်သားကျော်သက်ဝင်းကို ခေါ်လိုက်"
တပ်သားကျော်သက်ဝင်းမှာ ထောက်လှမ်းရေး တပ်စိတ်မှ ရဲဘော် ဖြစ် သည်။ ဆရာကိုကြီး၏ တပည့်ဖြစ်သည်။ တော်သေးသည်။ ကျော်သက်ဝင်း ရှိနေလို့။
ကျော်သက်ဝင်း ရောက်လာတော့ မြေပုံတင်ခိုင်းသည်။ အမြန်ဆက် သွယ်ကာ ခေါ်လိုက်လို့ အရာရှိများ ရောက်လာကြသည်။ ဆရာ၏ အကျင့် အတိုင်း စိတ်တိုလျင် တိုက်ရိုက်စကား မပြောတော့။
"ကျွန်တော်တို့ ရောက်ပါပြီ ခင်ဗျ"
"တပ်သားကျော်သက်ဝင်းရေ...မြေပုံတင်ထားတာလေး လူလေး ဆ ရာနဲ့ ဗိုလ်ကြီးတွေကို ပြလိုက်ပါ"
ဆရာစိတ်ပြေအောင် အတော်ချော့ရပေဦးမည်။
ကားတွေဆီ လှမ်းကြည့်လိုက်တော့ ရဲဘော်ရဲမေတွေ ပြူတစ်ပြူတစ် လုပ်နေတာကို မြင်ပြီး အတန်ကြာ စဥ်းစားနေသည်။
ပြီးတာနှင့် ဆရာလူပျိုကြီး၏ ဂန္တဝင် နှုတ်မိန့်ကတော့...
" အိမ်ထောင်သည်တွေ...နှဲ့ချိန် တစ်နာရီရမယ်... လူပျိုတွေ ရိပ်သာမှာ စားချက်လုပ်ထား... ဘယ်အရာရှိမှ ကျုပ်ကိုလာမတွေ့နဲ့... ကိုကြီး လည်း မလာနဲ့...ကျော်အေးမောင်... ရုံးခန်းထဲမှာ ကျုပ်ကို ထမင်းပြင်ပေး ..ဒါပဲ"
အမိန့်ရသည်နှင့် မြင်းဇောင်းကလွှတ်သည့် မြင်းတွေလို ကားပေါ်က ခုန်ဆင်းပြီး စုံတွဲတွေ လက်ဆွဲကာ အိမ်ထောင်သည်လိုင်းထဲ ပြေးဝင် သွား ကြတာ ဖုန်တွေကို ထရော။ ဒီတစ်ခါတော့ အာရ်ပီတပ်ရဲကြီးတွေက ကလေး ထိန်းတွေပေါ့။
သတ်မှတ်ထားသည့် အချိန်ကို ရောက်ချိန်မှာတော့ တပ်ရင်းမှူးဦးစီး သည့် စစ်ယာဥ်တန်းကြီးသည် မြို့သစ်ဖက်သို့ ဦးတည်ပြီး ထွက်ခွာသွားပါ တော့သည်။ အချိန်ကိုက် ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပေးထားသည့် စစ်သားကြီးတွေကိုး။
ထွက်သွားသည့် ယာဥ်တန်းကြီးကို ငေးကြည့်နေတုန်း ဆရာကြီးဘမြင့် ၏ ဇနီး ဒေါ်နူးဂျန်ဆီက ကချင်သံဝဲဝဲနှင့် စကားသံကို ကြားလိုက်ရသည်။
" ဗိုလ်ကြီးရယ်... အိမ်ကဟာကြီးတို့ကို သုံးလတန်သည် လေးလတန် သည် စစ်ဆင်ရေး သွားပြီးမှ ပြန်ဝင်ခိုင်းလို့ မရဘူးလား၊ ခုလို ဝင်လာလိုက် ထွက်သွားလိုက်က မကောင်းဘူး"
" ဒေါ်နူးဂျန်ကြီးကလဲ... ခုလိုပြန်ဝင်လာတော့ ချစ်ချစ်ကြီးကို အလွမ်း ပြေတော့ ကြည့်ရတာပေါ့ဗျ... နေကောင်း ကျန်းမာကြောင်း လည်းသိရ၊ စားဖို့သောက်ဖို့ လိုအပ်တာတွေလည်း လုပ်ပေးလိုက်ရ ဟန်မကျဘူးလား"
" ဟန်မကျပါဘူးတော်... အိမ်ကဟာကြီးတွေက အမိန့်နာခံတဲ့ စစ် သားကြီးတွေလေ... နှဲ့ချိန် တစ်နာရီ ဆိုတာနဲ့..ဟွန်း..မပြောလိုက်ချင်ဘူး ... သူတို့ကတော့ စစ်ဆင်ရေးဆိုပြီး ထွက်သွားရော...ဒီမှာက အနေအထား ပျက်ပြီး ကျန်ခဲ့တော့တာရှင့်"
မှတ်ကရော။
ကချင်မကြီးကတော့ ပွင့်ပွင့်လင်းလင်းပဲ။
နှဲ့ချိန် တစ်နာရီ ဆိုသည့် စကားလေးကတော့ တပ်ထဲမှာ အတော် ကြာ ကြာ ရေပန်းစားပြီး ပြောစမှတ်ဖြစ် ကျန်ခဲ့လေသည်။
ဆရာခွန်သက်တင်ဆန်းရဲ့ စာအုပ်တွေဖတ်ပြီး ဘဝအမောပြေရပါတယ်။