လေးလပတ် အစည်းအဝေး တက်ရောက်ရန် ကသာနှင့် ရွှေကူမှ တပ်ရင်းမှူးများ ရောက်နေကြ၏။ အစည်းအဝေးကို မြစ်ကြီးနား တိုင်း စစ်ဌာနချုပ်မှာ တက်ရောက်ရမည်။ ဗန်းမော်ရှိ စစ်ဗျူဟာ(၁) ဗျူဟာမှူး ကြီးလည်း အစည်းအဝေးကို တက်ရောက်ရမည်။
အမှန်ဆိုရင် ကျွန်တော်၏ ဆရာလည်း ထိုအစည်းအဝေးကို တက်ရ မှာဖြစ်သည်။ သို့သော် ဗျူဟာမှူး အစည်းအဝေး သွားတက်နေစဥ် ခေတ္တ ဗျူဟာမှူးတာဝန်ကို လုပ်သက်ရင့် တပ်ရင်းမှူးဖြစ်သော ဆရာက တာဝန် ယူရမှာဖြစ်လို့ ဆရာကျန်ခဲ့သည်။ ကျွန်တော်တို့ တပ်အတွက် ဒုတပ်ရင်း မှူးက ဆရာ့ကိုယ်စား တက်လိမ့်မည်။
ဗန်းမော်လေယာဥ်ကွင်းတွင် လေယာဥ်စောင့်နေချိန် ဗျူဟာမှူးက ကျွန်တော့်ကိုခေါ်လို့ သွားတွေ့ပါသည်။ ဗျူဟာမှူးက လေသံတိုးတိုးဖြင့်...
" မင်းဆရာ ဦးကပ်စေးကို တို့တတွေ ပေါင်းပြီး ပညာပေးမလို့.. မင်း မသိချင်ယောင်ဆောင်နေ၊ စက္ကူအဖြူနဲ့ မဲလိပ်လေးလိပ်လုပ်ထား...မဲ လိပ် လေးလိပ်စလုံးမှာ ပေါက်ဆိုတဲ့ စာလုံးရေးထား...ငါတောင်းရင်ပေး.. ကြားလား"
" ဟုတ်ကဲ့"
ကျွန်တော်လည်း မဲလိပ်လေးလိပ်စလုံးမှာ ပေါက်ဆိုသော စာသား ရေး ပြီး လိပ်ထားလိုက်ပါသည်။
လေဆိပ်ဧည့်ဆောင်တွင် ဗျူဟာမှူးနှင့်အတူ တပ်ရင်မှူး သုံးယောက် ရှိနေကြသည်။ ဗျူဟာမှူးက...
" မြစ်ကြီးနားက ပြန်လာရင် စားပွဲလေး တစ်ပွဲလောက် ကျင်းပလိုက် ရင် မကောင်းဘူးလား"
" ကောင်းပါတယ်.. ဗျူဟာမှူး"
ကသာနှင့် ရွှေကူ တပ်ရင်းမှူး နှစ်ယောက်က ထောက်ခံကြသည်။ ဆ ရာကတော့ တုံဏှိဘာဝေ။
" ဒါဆိုရင် အလှူ့ဒကာ ရှာရမယ်... ကျုပ်တို့ လေးယောက် မဲနှိုက်မယ် ...ပေါက်တဲ့သူကကျွေး...ကံစီမံရာပေါ့"
" ကောင်းပါတယ်ဗျ"
အတိုင်အဖောက် ညီနေကြသည်။ ဆရာကတော့ ဟိုကြည့်ဒီကြည့် နှင့် ငွေကုန်မည့် ကိစ္စဖြစ်၍ ရင်ခုန်နေသည်။
" ကောင်းပြီ...တပ်ထောက်ဗိုလ်ကြီး...မဲလိပ်လေးလိပ် လုပ်လာခဲ့၊အဲ့ ဒီ့ မဲလိပ်တွေထဲမှာ ပေါက် လို့ရေးထားတဲ့ မဲလိပ်တစ်လိပ် ပါရမယ်... ပေါက်ဆို တဲ့ မဲလိပ်ရတဲ့သူက ကျွေးရမှာနော်"
ကျွန်တော်လည်း မဲလိပ်သွားလုပ်သည့် ပုံစံဖြင့် အပြင်ခဏ ထွက်သွား လိုက်ပြီးမှ ပြန်ဝင်လာကာ အသင့်လုပ်ပြီးသား မဲလိပ်လေးလိပ်ကို ဗျူဟာမှူး အား ပေးလိုက်ပါသည်။
" ကဲ...တစ်ယောက်တစ်လိပ် လာနှိုက်ကြ"
ဆရာက လက်တုန်တုန်နှင့် နောက်ဆုံးမှ သွားယူသည်။ ဗျူဟာမှူးနှင့် ဧည့်သည်တပ်ရင်းမှူး နှစ်ယောက်က မဲလိပ်များကို ဖြည်ကြည့်ပြီး စာရွက် အလွတ်ဖက်ကိုပြကာ " ပေါက်ဆိုတဲ့ စာလုံး မပါဘူးဟေ့" ဆိုပြီး လုံးချေ လိုက်ကြသည်။
ကျွန်တော့်ဆရာက မဲလိပ်ကို မဖွင့်ရသေး။ ထိုအချိန် ဗျူဟာမှူးနှင့် တပ်ရင်းမှူး နှစ်ဦး ဆရာ့အနား ဝိုင်းလာကာ မဲလိပ်ကို ဝိုင်းကြည့်နေကြ သည်။ မဲလိပ်လည်း ဖွင့်ပြီးရော...
" ဟာ... ပေါက် တဲ့ဗျာ"
ဆရာ့ဆီက ဝမ်းနည်းသံကြီး ကြားလိုက်ရသည်။
" မြစ်ကြီးနားက ပြန်ရောက်တာနဲ့ ဗန်းမော် တပ်ရင်းမှူးကြီးရဲ့ ညစာ စားပွဲကို တက်ရောက်ကြရအောင်ဗျာ... အရက် အမြည်း အစုံအလင်နဲ့ ဧည့်ခံမယ် မဟုတ်လား"
" ဧည့်..ဧည့်ခံပါ့မယ်"
ဆရာ့အသံတွေ တုန်နေသည်။
မန္တလေးမှလေယာဥ် ဆိုက်ရောက်လာသည်။ အစည်းအဝေးတက်မည့် သူများ လေယာဥ်ပေါ်တက်ကြပြီးနောက် လေယာဥ်ကြီး မြစ်ကြီးနား သို့ ထွက်ခွာသွားသည်။
တိမ်တိုက်အတွင်း တိုးဝင်ပျောက်ကွယ်သွားသော ဗျူဟာမှူးတို့ စီးနင်း သွားသည့် လေယာဥ်ကြီးကို ရီဝေစွာ ငေးမောနေရှာသည်။ အတော်ကြာ တော့မှ မာစတာဂျစ်ပေါ်တက်ပြီး လေယာဥ်ပြေးလမ်း ဟိုဖက်ထိပ် ဒီဖက်ထိပ် ကို သုံးခေါက် ပတ်မောင်းခိုင်းလိုက်သည်။
" ဒီလောက်တောင် ကံဆိုးဦး"
တပည့်အရင်းကြီး၏ သူ့လူကိုယ့်ဖက်သားလုပ်ခြင်းကို ခံလိုက်ရရှာ သော ဆရာသာ သိသွားမည် ဆိုရင်ဖြင့်။
အစည်းအဝေးပြီးလို့ ဗျူဟာမှူးနှင့် တပ်ရင်းမှူးများ ပြန်ရောက်လာကြ သည်။ ပစ္စည်းများ ရွေးရင်း ဧည့်ဆောင်မှာ ခဏနားကြသည်။ ရွှေကူတပ် ရင်းမှူးက ဆရာ့အား...
" ဒီတစ်ခေါက် အစည်းအဝေးက တော်တော် အဆင်ပြေတယ်ဗျာ၊ တိုင်းစစ်ဌာနချုပ်က စားရေးသောက်ရေး နေထိုင်ရေး သွားလာရေး စီစဥ် ပေးထားတာ ဘာမှ လိုလေသေး မရှိဘဲဗျာ၊ အထူးသဖြင့် တိုက်တဲ့အရက် တွေ တအားကောင်းတယ်.. အစ်ကိုကြီး လိုက်မလာရတာ နာတယ်ဗျာ၊ ပါ လာတဲ့ အာမီရမ်တွေတောင် လုံးဝမသောက်ခဲ့ရဘူး၊ ဒီအတိုင်း ပြန်ပါလာ ခဲ့တယ်"
ကသာတပ်ရင်းမှူးကလည်း ဝင်ပြီးထောက်ခံသည်။ အမှန်တော့ ကျွန် တော်၏ဆရာ မခံချိမခံသာဖြစ်အောင် ဝိုင်းပြောနေကြခြင်းလည်းဖြစ်သည်။ ပိုပိုသာသာတွေလည်း ထည့်ပြောကြသည်။ ဆရာကတော့ ကြားရသည်များ ကို အံ့ဩသည့် အမူအရာဖြင့် နားထောင်နေပြီးမှ...
" ဒါဆို ခင်ဗျားတို့ အာမီရမ်တွေ လုံးဝမသောက်ခဲ့ရဘူးပေါ့"
" ဟုတ်တယ်...ယူသွားတဲ့အတိုင်း ပြန်ပါလာတာ"
" ဘယ်လောက်တောင် ယူသွားကြလို့လဲ"
" တစ်ယောက်ကို ၅ပုလင်းလောက်တော့ ပါတာပေါ့၊ အရက်ကောင်း သောက်လာရတော့လည်း အာမီရမ် သောက်ချင်စိတ်ကို မရှိတော့တာ"
" ဒီလိုဆို ခင်ဗျားတို့က မြစ်ကြီးနားမှာ အကောင်းစားအရက်တွေ သောက်ခဲ့ရတယ်ဆိုတော့ အစည်းအဝေး မတက်ရတဲ့ ကျုပ်ကို သနား သော အားဖြင့် ခင်ဗျားတို့ရဲ့ အာမီရမ်တွေ ပေးခဲ့ပေါ့ဗျာ"
" ဟင်"
ကသာနှင့်ရွှေကူ တပ်ရင်းမှူး နှစ်ဦး သူတို့စကားနှင့် သူတို့ ပြန်မိသွားပြီး အောင့်သက်သက်ဖြင့် ဆရာ့ကို အာမီရမ်များ ပေးလိုက်ကြလေတော့သည်။
အာမီရမ် ၁၀လုံးကိုကြည့်ပြီး ဆရာက အပြုံးလေးနှင့် ကျွန်တော့် ဖက် လှည့်ပြီး...
" ဒီညကျွေးမယ့် ဧည့်ခံစရိတ် ခုမိတာပေါ့ လူလေးရယ်"
ဟူသတည်း။
ဆက်ရန်