မဟာပဒုမပေါင်တို

   သိမ်တော်ကြီး ဘုရားပွဲ စနေပြီ။

   ပန်တျာကြည်လင် ဇာတ်သဘင်ကြီး ၁၀ရက်တိတိ ကပြမည်။ ပွဲစျေး တန်းမှာ စည်ကားလှသည်။ စျေးဆိုင်တန်းများ၊ လောင်းကစားဝိုင်းများ၊ ကြည့်ချင်ပွဲများ အစုံပါလေသည်။

   တစ်နှစ်မှတစ်ခါ ကျင်းပကြသည့် ဘုရားပွဲ ဖြစ်၍လည်း ပတ်ဝန်းကျင် ကျေးရွာများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများကြောင့် ပွဲခင်း ကြီးမှာ စည်ကားလွန်းနေသည်။

   ဘုရားပွဲသို့ တပ်ခွဲမှ စစ်သည်များ သွားနေကြသည်။ သူတို့တပ်ခွဲမှူးများ က တာဝန်ခံ၍ စေလွှတ်ပေးကြခြင်းဖြစ်၏။ လက်ဖြောင့်စစ်သည်များလည်း ဘုရားပွဲကို သွားချင်ကြသည်။

   ပွဲခင်းဆီမှ လွင့်ပျံလာသော အသံချဲ့စက်မှ သီချင်းသံများကို လေသင့်လို့ ကြားရပြီး မရိုးမရွ ဖြစ်နေကြသည်။ သို့သော် ဆရာ့အကြောင်းကို သိလို့ တရားဝင် သတင်းမပို့ရဲ။ နောက်ကွယ်မှာသာ တွတ်ထိုးနေကြသည်။

   ဆရာပဲလေ။ သိတာပေါ့။ လက်ဖြောင့်တွေကို ခေါပြီးမေးသည်။

   " လူလေးတို့ ဘုရားပွဲကို သွားချင်ကြလား"

   " သွားချင်ပါတယ်ဗျ"

   တစ်သံထဲ ထွက်လာကြသည်။

   " ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် သွားနိုင်ပါ့မလား"

   " သွားနိုင်ပါတယ်ခင်ဗျ"

   " ကောင်းပြီ..ဆရာကြီးနဲ့ မိုးဝင်းကတော့ အိမ်စောင့်နေခဲ့၊ ကျန်တဲ့သူ တွေ စစ်စွတ်ကျယ်နဲ့ Under Wear( စစ်အတွင်းခံဘောင်းဘီတို)ဝတ်ပြီး လာခဲ့ကြ"

  ကြားကြားခြင်း တွန့်သွားကြ၏။ ကတိတွေကလည်း ပေးပြီးနေပြီ ဖြစ်လို့ ဆရာပြောသည့်အတိုင်း ဝတ်လာခဲ့ကြသည်။

   " ကဲ..စုံပြီလား..ကားပေါ်တက်ကြ၊ ကျုပ်ကိုယ်တိုင် လိုက်ပို့မယ်"

   မာစတာဂျစ် နောက်ခန်းတွင် ကျပ်သပ်ထိုင်ပြီး ပွဲခင်းထဲကို ရောက်လာ ကြသည်။ ပွဲခင်း၏ အစည်ကားဆုံး နေရာနားမှာ ကားကိုရပ်ပြီး..

   " လူလေးတို့ ဆင်းကြတော့၊ စိတ်ကြိုက်လည်ကြ၊ အချိန် နာရီဝက်ရ မယ်"

   ကားပေါ်ကဆင်းမှ အအေးဓာတ်က ပိုသိသာလာသည်။ စစ်စွတ်ကျယ် ကိုဖြတ်ပြီး နံရိုးကြားအထိ အေးစိမ့်သွားသည်။ စစ်အတွင်းခံက ပိုဆိုးသည်။ ရှေ့ဖက်မှာ အကွဲရာလေးကပါတော့ လမ်းလျောက်တိုင်း ဟ သွားပြီး ပေါင်ရင်းအထိ အေးသွား၏။

   လူတွေကလည်း ဝိုင်းကြည့်နေကြပြီ။ သူတို့ ပွဲကိုလာချင်တာ ဒီလိုမျိုး မဟုတ်။ စားချင်တာစားမည်။ ဂလုတ်ဂလုတ် အံစာတုံးလေးလည်း ဝင်ဆွဲ မည်။ ချစ်သူရှိသူများက ချစ်သူနှင့် တွေ့မည်ပေါ့။ ဒီပုံစံ အနေအထားနှင့် တော့ မဖြစ်နိုင်။

   နာရီဝက် မပြည့်ခင် ကားပေါ်ပြန်ထိုင်နေကြသည်။

   " ကျေနပ်ကြပြီလား"

   " ဟုတ်"

   " ဒါဆို ပြန်မယ်"

  ကားပေါ်ကနေပြီး ပွဲခင်းအတွင်း ငေးကြည့်ပြီး လွမ်းနေကြတော့သည်။

×××××

   နောက်တစ်နေ့ ညနေမှာ လက်ဖြောင့်တွေကို ဆရာခေါ်တွေ့သည်။ မ နေ့က အဖြစ်ကိုကြည့်ပြီး သနားသွားပုံရသည်။

   " လူလေးတို့..ပွဲကြည့်ချင်ကြတာလား"

   " ဟုတ်ကဲ့...ပန်တျာကြည်လင်ဇာတ်က သိပ်ကောင်းလို့ပါ၊ ဒါပေမဲ့ မနေ့ကလိုတော့ မသွားချင်ပါဘူးဗျ"

   နည်းနည်းလေး အခွင့်အရေး ရတာနှင့် အသံထွက်လာပြီ။

   " ပွဲကို အစအဆုံးကြည့်ချင်လား"

   " ကြည့်ချင်ပါတယ်"

   " ပွဲကို အစအဆုံးကြည့်မယ် ဆိုရင်တော့ ခွင့်ပြုမယ်"

   " ဟုတ်ကဲ့...ကြည့်ပါ့မယ်ခင်ဗျ"

   အနားမှာ ရှိနေသော တပ်ရေးဗိုလ်ကြီးကို လှမ်းပြောလိုက်သည်။

   " တပ်ရေးဗိုလ်ကြီးက ကင်းတာဝန် လဲပေးလိုက်ပါ၊ လက်ဖြောင့် ၁၀ ယောက်ကို ပွဲကြည့်ခွင့် ပေးလိုက်ပါကွယ်"

   လက်ဖြောင့်များ ပျော်လွန်းလို့ " ဟေး"လို့တောင် အော်မိသွားသည်။

  ပွဲသွားရန် ရှိုးစမိုးတွေထုတ်ပြီး အကောင်းစားများ ဝတ်ဆင်ကြသည်။ ချစ် သူနှင့် ချိန်းတွေ့မည့်သူ၊ ပွဲစျေးလျောက်ပြီး စားသောက်မည့်သူ၊ ပွဲတိုင်း တွင် မပါမဖြစ်သည့် ဆင် ကျား လိပ် အံစာတုံး သွားထိုးမည့်သူများ အတွေး ကိုယ်စီနှင့် အစီအစဥ်များ ဆွဲနေကြပါတော့သည်။
   ကျွန်တော် နောက်တစ်နေ့မနက် ရုံးကိုအသွား တပ်ရင်းမှူး အိမ်ရှေ့ က အဖြတ်..

   " လက်ဖြောင့်တွေ ဘာလုပ်နေကြပါလိမ့်"

   ဆရာ့အိမ်ရှေ့ ကွက်လပ်တွင် လက်ဖြောင့် ၁၀ယောက်လုံး ကျားသစ် ချောင်း တက်နေကြသည်။ ကျားသစ်ချောင်း သွားနည်းမှာ ရန်သူနှင့် ကိုက် အစိတ်လောက်အလိုမှာ ပစ်ခတ်နေသည့် ကျည်ဆန်တွေကြားမှ သွားလာရ ခြင်းဖြစ်သည်။ လက်အား တံတောင်ဆစ်အား ဒူးအား ခါးအား တို့ဖြင့် မိချောင်းတစ်ကောင်လို လူးလွန့်ကာ သွားရခြင်းလည်းဖြစ်၏။ အလွန် ပင်ပန်းသော ချီတက်မှုဖြစ်ပြီး တံတောင်တွေ ဒူးတွေ ပွန်းတတ်သည်။

   စခန်းတိုက်မည့် စစ်ဆင်ရေးလည်း မကြားမိပါလား။ ကွန်မန်ဒိုတပ်ဖွဲ့ များ စေလွှတ်ဖို့ လေ့ကျင့်နေတာလား။ ဖုန်တထောင်းထောင်းကြားမှာ ညက ပွဲကိုက်ထားလို့ တစ်ချက်တစ်ချက် အိပ်ငိုက်နေသူများကိုလည်း တွေ့ရသည်။ သိချင်တာနှင့် ဝင်ပြီးစုံစမ်းလိုက်တော့မှ အလုံးစုံ သိလိုက်ရသည်။

   ဒီလို။

   မနက်၆နာရီမှာ ပွဲပြန်စစ်သည် ၁၀ဦးကို တန်းစီပြီး ဆရာစကားပြော ၏။

   " ညက ပွဲကောင်းရဲ့လားဟေ့"

   " ကောင်းပါတယ်ခင်ဗျ"

   " ပွဲပြီးတဲ့အထိ ကြည့်ဖို့မှာလိုက်တယ်..ကြည့်ခဲ့ကြတယ် မဟုတ်လား"

   " ကြည့်ခဲ့ပါတယ်၊ နောက်ပိုင်းဇာတ်ထုတ်က ပိုကောင်းတယ်ခင်ဗျ"

   အမှန်တော့ ဘယ်သူမှ ပွဲကို နောက်ပိုင်းဇာတ်ထုတ်ပြီးအောင် မကြည့် ကြပါ။ ပွဲကိုခဏသာကြည့်ပြီး သူတို့ဝါသနာပါရာများ လိုက်လုပ် နေကြခြင်း ဖြစ်သည်။ တချို့ဆို ပွဲခင်းထဲတောင်မရောက်။

   " အေး..အေး..နောက်ပိုင်းဇာတ်ထုတ် နာမည်က ဘာတဲ့လဲကွဲ့"

   "ဗျာ"

   လက်ဖြောင့်အားလုံး သံပြိုင်အော်လိုက်ကြသည်။ တစ်ယောက်မှ မသိ ပါ။ လက်ဖြောင့်တပ်ကြပ်ကြီးက ပိုတောင်ဆိုးသေး။ ပွဲခင်းထဲကို မ ရောက် သည့်အထဲ သူလည်းပါသည်။

   " မဖြေနိုင်ကြဘူးလားဟေ့"

   " မသိပါဘူး"

   အိပ်ရေးမဝသော မျက်နှာငယ်လေးများဖြင့် ပြန်ဖြေကြသည်။

   " လူလေးတို့ ပွဲကြည့်ဖို့ ခွင့်တောင်းတုန်းက ပွဲပြီးတဲ့အထိ ကြည့်ပါ့ မယ်ဆိုတဲ့ကတိ ပေးခဲ့တယ်နော်"

   " ဟုတ်ကဲ့"

   " ဒီတော့ ..လူလေးတို့မှာ အပြစ်ရှိလား..မရှိဘူးလား"

   " ရှိ...ရှိပါတယ်"

   " အပြစ်ပေးသင့်သလား"

   " ပေးသင့်ပါတယ်"

   " ကောင်းပြီ..ကျားသစ်ချောင်းသွားနည်း လေ့ကျင့်မယ်..ရှေ့တန်းအ တွက်လည်း အသုံးဝင်တာပေါ့၊ တစ်ယောက်ကို အခေါက်၂၀ပြည့်အောင် လေ့ကျင့်...."

   နောက်ပိုင်းဇာတ်ထုတ် အမည်မှာ " မဟာပဒုမပေါင်တို" ဖြစ်ပါသည်။ ပွဲရုံအဝင်ဝမှာလည်း ကြော်ငြာပေးထားသည်။ သူတို့မတွေ့ကြ။ ပန်တျာကြည်လင်၏ မဟာပဒုမပေါင်တိုဇာတ်တွင် ခြေလက်များ အဖြတ် ခံရ၍ ငိုကြွေးရသလို လက်ဖြောင့်စစ်သည် ၁၀ဦးမှာလည်း ကျားသစ်ချောင်း တက်ရ၍ ဒူးများ တံတောင်များ ပွန်းကာ ရှုံ့မဲ့နေကြပါတော့သည်။

ဆက်ရန်