ပိုးသတ်ဆေးများရဲ့ အန္တရာယ်

ပိုးသတ်ဆေးအားလုံးသည် အဆိပ်များဖြစ်သည်၊၊ ပိုးသတ်ဆေးတွင်ပါ၀င်သော အဆိပ်စွမ်းအားကို ဖော်ပြရာတွင် အများအားဖြင့် သေနှုန်း ၅၀ (သန – ၅၀) ဖြင့်ဖော်ပြပါသည်။ သက်ရှိသတ္တဝါများစွာကို ပိုးသတ်ဆေးနှုန်းအမျိုးမျိုးဖြင့် ကျွေး၍သော်လည်းကောင်း၊ အရေပြားတွင် သုတ်လိမ်း၍ သော်လည်းကောင်း စမ်းသပ်ခြင်းဖြင့် အစာအိမ်နှင့်ခန္ဓာကိုယ်အတွင်းသို့ ဆေးရာက်ရှိစေသည်။ ဤသို့စမ်းသပ်ရာတွင် သက်ရှိအကောင် (၁၀၀) အနက် (၅၀) သေစေနိုင်သော ပိုးသတ်ဆေးပမာဏကို သေနှုန်း ၅၀ ဟုခေါ်သည်။

အော်ဂင်နိုကလိုရင်း အုပ်စု၀င်ဖြစ်သော ဒီဒီအော်ဒရင်း၊ ဒီအယ်ဒရင်း၊ လင်ဒိန်း၊ အင်ဒရင်း အစရှိသော ပိုးသတ်ဆေးများသည် ထိတွေ့ကိုင်တွယ်သော လူ၏ခန္ဓာကိုယ် အဆီပြင်တွင် စုဝေးနိုင်သည်။ အဆီပြင်တွင် စုမိသော အော်ဂင်နိုကလိုရင်း ပိုးသတ်ဆေးများကို ဓာတ်ပြယ်ရန် ချေဖျက်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် လူနှင့်နို့တိုက်သတ္တဝါတို့တွင် မိခင်မှတစ်ဆင့် သားငယ်သို့ နို့ရည်မှတဆင့် အဆိပ်အာနိသင်ပါသွားစေနိုင်သည်၊၊ အဆီပြင်တွင် အဆိပ်များစွာစုမိလာသောအခါ အဆိပ်သင့်ခြင်း ဖြစ်စေသည်။

ယခုအခါ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအားလုံးလိုလိုမှာပင် အထက်ဖော်ပြပါ အော်ဂင်နိုကလိုရင်း အုပ်စု၀င် ပိုးသတ်ဆေးများကို သုံးစွဲခြင်းမှ ရပ်ဆိုင်းလိုက်ပြီး ဖြစ်ပါသည်။

ခန္ဓာကိုယ်တွင်း ပိုးသတ်ဆေး ၀င်ရောက်ရာလမ်းကြောင်းများ

ပိုးသတ်ဆေး မတော်တဆ ဖိတ်စဉ်ခြင်း၊ ဆေးဖျန်းကိုင်တွယ်အသုံးပြုရာတွင် သတိမပြုခြင်းတို့ကြောင့် လူ၏အရေပြားနှင့် အသက်ရှုလမ်းကြောင်းများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်နိုင်ပါသည်။ စမ်းသပ်ချက်အရ နဖူးပြင်နှင့် ဦးခေါင်းခွံမှ ၀င်ရောက်ခြင်းတို့မှာ အလွန်မြန်ဆန်ကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုသူမှာ ခန္ဓာကိုယ်ကိုသာမက ဦးခေါင်းကိုပါ ကာကွယ်ရန်လိုအပ်ပါသည်။ ဦးခေါင်းကို ကာကွယ်ရန်အတွက် ဗြက်ကျယ်သည့် ဦးထုပ်ဆောင်းရန် အထူးလိုအပ်ပါသည်။

ပိုးသတ်ဆေးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး

ပိုးသတ်ဆေးများသည် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်လှောင်လုပ်ငန်း၊ ကျန်းမာရေး လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ဓာတုပစ္စည်းများဖြစ်သည်။ ပိုးသတ်ဆေးများကို သီးနှံဖျက်ပိုးများ ကာကွယ်ရန်အလို့ငှာ သီးနှံ၊ သစ်ပင်၊ တိရစ္ဆာန်၊ မြို့ရွာစသည့် လိုအပ်သော နေရာများကိုသာရည်ရွယ်၍ ပက်ဖျန်းသုံးစွဲရသည်။ သို့ရာတွင် သုံးစွဲသည့်ပိုးသတ်ဆေးအချို့သည် ပတ်ဝန်းကျင်ရှိ ရေထု၊ မြေထု၊ လေထုတို့ကိုလည်း ညစ်ညမ်းကစပါသည်။ အဆိုပါညစ်ညမ်းမှုသည် ပိုးသတ်ဆေးများကို ညွှန်ကြားထားသည်ထက် ပိုမိုသုံးစွဲခြင်း၊ သုံးစွဲပြီးသော ကိရိယာများကို စနစ်တကျ ကိုင်တွယ်စွန့်ပစ်မှုမရှိခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပေါ်စေနိုင်ပါသည်။

crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”