အိမ်ထဲရောက်မှ လွဲသွားပြီဆိုတာ သိလိုက်ကြပါပြီ။ ငွေစာရင်းဌာနက လူကြီးရဲ့အိမ် ဖြစ်နေတယ်။ ဦးမန်းနီးအိမ်နဲ့က ကပ်လျက်။ ဒီလိုဧည့်သည်မျိုး တစ်ခါမှ မလာဘူးလို့ ဦးငွေစာရင်းကြီးကလည်း အံ့သြနေရှာတယ်။ ” တပည့်တွေ…လာကြလေကွယ်၊ ဘာကိစ္စများလဲ” ပါးစပ်ကသာ စကားသံတွေ ထွက်နေတယ် မျက်လုံးက ဂါရဝပစ္စည်းတွေကိုကြည့်လို့။ ‘” ဟို…ဟို” ပက်လက်ကုလားထိုင်ကြီး မနိုင်မနင်းနဲ့ ဘာပြောရ မှန်းမသိခင်… ” ဪ… လာကန်တော့ကြတာကိုး၊ လူကြီးသူမကို သိတတ်တဲ့ တပည့်လေးတွေပဲ၊ ခါးနာ နေတာနဲ့ ကုလားထိုင် လိုချင်နေတာ အတော်ပဲဖြစ်သွားတယ်” ဘာမှလုပ်လို့ မရတော့တဲ့အဆုံး ဦးငွေစာရင်းကြီးကို သာ ဂါရဝတွေနဲ့အတူ ထိုင်ကန်တော့ လိုက်ရပါတော့တယ်။ ဦးငွေစာရင်းကြီးကတော့ သနားစရာ ဆုတွေပေးလို့… ” ဆရာ့ဆီ လာကန်တော့တာ တပည့်တို့က ပထမဆုံး ဖြစ်သလို နောက်ဆုံးလည်း ဖြစ်မှာပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ ဘယ်သူမှ မလာကြလို့လေ။ ထူးခြားပြီး သိတတ် တဲ့ တပည့်များ လိုရာဆန္ဒပြည့်ကြပါစေဗျာ” လိုရာဆန္ဒဆိုသော ဆုတောင်းကား မပြည့်ခဲ့ရှာပါ။ ဦးငွေစာရင်းကြီး အိမ်ထဲ ဝင်သွားချိန်မှာရော ပြန် ထွက်လာချိန်မှာပါ သူ့အိမ်ဝကနေ ထွက် ကြည့်နေသူက တော့ ဦးမန်းနီးကြီးပါပဲ။ ထပ်ပြီးဂါရဝလုပ်ဖို့ကလည်း ပိုက်ဆံက မရှိတော့။ ဒီလောက်တောင် လေ့လာမှုအားနည်းတဲ့ ကောင်တွေလို့များ သဘောပေါက်သွားလေရော့သလား။ အပြောင်းအရွှေ့ ထွက်လာတော့ နှစ်ယောက်စလုံး ရခိုင်ပြည်နယ် အစွန်ကို ရောက်သွားကြပါတော့တယ်။ ဂါရဝအမှားက ဘာမှကို တားမရတော့ပါလား။
ဒီတစ်ခါ ပြောင်းလာတဲ့ လူကြီးက ခန့်မှန်းရခက်တယ်။ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် သူသာအသိဆုံး ဖြစ်ရမယ် သူ့ထက်သိသူ မရှိစေရဆိုသလိုမျိုး။ လက်အောက်က တင်ပြတဲ့ အကြံဥာဏ် ကောင်းနေရင်တောင် အသိအမှတ်မပြုဘဲ ဦးနှောက်ဖေါက်စားကာ ဟိုပြင်ဒီပြင်နဲ့ သူလုပ်သရောင် လုပ်တတ်ပြန်ရော။ သူ့ကို ဦးဖိုးသိလို့ အမည်ပြောင် ပေးထားကြတယ်။ ကိုစိန်ဖေကလည်း အရာရှိပါပဲ။ သူ့လက်အောက်မှာ နယ်အလိုက် ဌာနရုံးခွဲတွေရှိတယ်။ ကိုစိန်ဖေရဲ့ အထက် အရာရှိကတော့ ဦးဖိုးသိကြီး။ ကိုစိန်ဖေရဲ့ အလုပ်တွေထဲမှာ နယ်ရုံးတွေကို လိုက်စစ် ရတာလည်းပါတယ်။ ဒီလိုစစ်ဆေးရတာကို ကိုစိန်ဖေက နှစ်သက်တယ်။ ဌာနချုပ်ရဲ့ လုပ်ငန်းဖိစီးမှုတွေ ခဏပေါ့ပါး ပြီး ဂါရဝလေး တွေလည်းရဆိုတော့ ကိုစိန်ဖေ နှစ်သက်မယ်ဆိုလည်း နှစ်သက်စရာပေါ့။ ကိုစိန်ဖေတို့ နယ်ရုံးတွေ မှာ တာဝန်ကျတုန်းကလည်း ဌာနချုပ်က အရာရှိတွေ လာရင် ပြုစုခဲ့ရတာပဲလေ။ ဦးဖိုးသိကြီး ပြောင်းလာမှ ကိုစိန်ဖေအတွက် အခက် ဖြစ်နေတယ်။ ကိုစိန်ဖေ နယ်ရုံးတွေကို သွားစစ်မယ်လို့ တင်ပြတိုင်း ခွင့်မပြုဘဲ ပယ်ချပစ်တယ်။ လိုအပ်ရင် သူကိုယ်တိုင်သွားမယ့်သဘော။ ဒါပေမဲ့ သူလည်းမသွားဘူး။ ကိုစိန်ဖေ အကြံထုတ်ရလေပြီ။ သမရိုးကျနည်းနဲ့ တင်ပြနေလို့ကတော့ ပယ်ချခံရမှာ ကျိန်းသေပေါ့။ ဒီတော့ သိုင်းပြောင်းပြန်နည်းကို သုံးမှရတော့မယ်လို့ အကြံထဲမှာ ပေါ်လာတယ်။ ဒါနဲ့ပဲ… ” တင်ပြစရာ ရှိလို့ပါ” ကိုစိန်ဖေစကားကြောင့် ဦးဖိုးသိကြီး ခေါင်းထောင် ကြည့်လာတယ်။ ” ပြောလေ… ဘာတင်ပြမလို့လဲ” ” ဒီလိုပါ… နယ်ဌာနခွဲရုံးလေးတွေမှာ ပြဿနာလေး တွေရှိနေကြတယ်လို့ ကြားရလို့ပါ” ပြဿနာဆိုတဲ့အသံကြောင့် ဦးဖိုးသိ နည်းနည်းလှုပ် သွားတယ်။ ” လူကြီးတွေ မရောက်တာလည်းကြာတော့ အနည်းနဲ့အများတော့ ရှိမှာပေါ့လေ။ ကျွန်တော်ကတော့ လုံးဝကို သွားဖို့ စိတ်ကူးမရှိပါဘူး၊ ဆရာများ သွားကြည့်ချင်မလားလို့ ပါ” ဦးဖိုးသိကလည်း လူလည်ပဲဟာ။ တစ်ဆင့်ကျော်ပြီး တိုက်ရိုက်ထိတွေ့ရင် ပြဿနာနဲ့ ထိပ်တိုက်တွေ့ပြီး ရှင်းနေရမှာပေါ့။ ကြားက ဗောက်ဖာခံတဲ့စနစ် ဘယ်ဖြစ်တော့မှာ လဲ။ ပြဿနာကို ဖြေရှင်းပြီးမှ သူ့ဆီတက်လာတာက ပိုကောင်းမှာပေါ့။ ဒါ့ကြောင့်… ” ခင်ဗျားသွားစစ်လိုက်လေ” ” ကျွန်တော့်အဆင့်နဲ့ မဖြစ်ဘူးထင်ပါတယ်၊ ဆရာနဲ့မှ ရမှာပါ၊ မသွားပါရစေနဲ့ ဆရာရယ်” ဦးဖိုးသိ တော်တော်ကြာကြာ စဥ်းစားနေတယ်။ နောက်တော့မှ… ” ဒါ အမိန့်ပဲဗျ… ခင်ဗျားသွားကို သွားစစ်ရမယ်” ပျော်ပြီလေ။ ပြဿနာ အသေးအဖွဲလေး တစ်ခု လောက်ကို ပုံကြီးချဲ့ စစ်ဆေးပြီး ကိုစိန်ဖေ တစ်ယောက် နယ်ဌာနခွဲများသို့ လစဥ်လိုလို သွားရောက်စစ်ဆေးနေလေပြီ။ တစ်ခါတလေမှာသိုင်းပြောင်းပြန်နည်းကလည်း ရန်သူကို တိုက်ခိုက်ရာမှာ အစွမ်းထက် ကြောင်း ကိုစိန်ဖေ သိလိုက်ရပါတယ်။ မသွားချင်ပါဘူး ဆိုတော့မှ လွှတ်ချင်ကြတာကိုး။ ဒါပေမဲ့ သိုင်းပြောင်းပြန်နည်းကို ရေရှည်တော့ သုံးလို့မရပေဘူးပေါ့။
အနေကြာလာတော့လည်း ပြောင်းရပေဦးတော့မယ်။ ဝန်ထမ်းဘဝဆိုတာ ဒီလိုပါပဲ။ ကမ်း နားသစ်ပင်မဟုတ် လား။ လုပ်သက်လေး ရလာတော့ ပင်စင်မယူခင် မွေးဇာတိ ညီအစ်ကို မောင် နှစ်မ ဆွေမျိုးများရှိရာကို ပြောင်းချင်လာမိတယ်။
ခွန်သက်တင်ဆန်း