တန်ဇန်းနီးယားနိုင်ငံတွင် ရာသီဥတုဆိုးရွားနေစဥ် နီးစပ်ရာ လေဆိပ်သို ဆင်းသက်ရန် ကြိုးပမ်းခဲ့သည့် ခရီးသည်တင်လေယာဥ်တစ်စီး ဝိတိုရီးယားရေကန်ကြီးအတွင်း ပျက်ကျခဲ့ပြီး အနည်းဆုံး လူ (၁၉) ဦး သေဆုံးကြောင်း BBC သတင်းက ဖော်ပြသည်။
နိုဝင်ဘာလ (၆) ရက်နေ့က ရေကန်အတွင်း ပျက်ကျခဲ့သည့်လေယာဥ်မှာ Precision Air လေကြောင်းလိုင်းမှဖြစ်ပြီး လူ (၄၃) ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။
ရေကန်ကြီးအတွင်း လေယာဥ်ပျက်ကျပြီးနောက် လူ (၂၆) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံသို ပိုဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးနှင့် လေကြောင်းလိုင်းက အစောပိုင်းတွင် ပြောခဲ့သည်။
ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဒေသခံ ငါးဖမ်းသမားများက ရေကန်ကြီးအတွင်း အသက်ရှင်ကျန်သူများကို ရှာဖွေနေသည်ဟု ဆိုသည်။
တန်ဇန်းနီးယားမြိုတော် Dar es Salaam မြိုမှ Flight PW494 လေကြောင်းခရီးစဥ်အဖြစ် ထွက်ခွာလာသည့် ခရီးသည်တင်လေယာဥ် ဆင်းသက်ရန် ကြိုးပမ်းခဲ့သည့် Bukoba မြိုရှိ လေဆိပ်မှာ ဝိတိုရီးယားရေကန်၏ ညာဘက်ကမ်းစပ်တွင်တည်ရှိကြောင်း သိရသည်။
လေယာဥ်ပျက်ကျရသည့် အကြောင်းရင်းကို ချက်ချင်း အတိအကျ မသိရသေးသော်လည်း မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေစဥ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တန်ဇန်းနီးယားအစိုးရသတင်းဌာနက ပြောသည်။
လေယာဥ်ပျက်ကျပြီးနောက် ကယ်တင်နိုင်ခဲ့သူများအနက် လေယာဥ်မှူး (၂) ဦးလည်း ပါဝင်ကြောင်း သိရသည်။ လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးသူအရေအတွက်ကို နောက်ဆုံး အတည်ပြုထားခြင်းမရှိသေးကြောင်းသိရှိရပါတယ်ရှင်။