နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေးဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက် အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ယနေ့အထိ ၃၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၆ ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံး အား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့်အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့် အဆောက်အအုံ ၄ လုံးနှင့်ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ ၇ လုံး၊စုစုပေါင်းအဆောက်အအုံ ၁၁ လုံး တို့ကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၅၂ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများကိုမြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။