အပိုင်း(၁၀)-{ဇာတ်သိမ်းပိုင်း}
ရွှီး.. ရွှီး… ရွှီး…”
“ဟာ… ဘယ်သူလဲကွ၊ ခရာထမှုတ်တာ”
“ဦးဇင်းဗိုလ်ကြီးပြောထားတာ နားမလည်ဘူးလားမသိဘူး”
“ခက်တော့တာပဲ၊ ဦးဇင်းဗိုလ်ကြီးကြားရင် အဆူခံရအုံးမယ်”
တစ်ပါးတစ်ပေါက် (အင်း…) တစ်ယောက်တစ်ပေါက်ဆိုရင်း အနားယူကျိန်းစက်နေကြသည့် ကိုယ်တော်များ ခေါင်းထောင်လာကြသည်။
“ငါကွ… ငါမှုတ်တာ၊ အကုန်ထွက်လာခဲ့၊ ကျောင်းဘေးမှာ အကုန်တန်းစီ…”
ဦးဇင်းဆွေလင်းအောင်၏ ကြည်နူးဖွယ်ရာအော်သံကြားသောအခါကျမှ ကိုယ်တော်များခမျာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် သင်္ကန်းကိုယ်စီဆွဲကာ ပြေးထွက်လာကြတော့သည်။
“ခရာမှုတ်တာ ဦးဇင်းဗိုလ်ကြီးတဲ့ဟ…”
“ဘာဖြစ်တာလဲမသိဘူး… လာကြဟေ့”
“ဗိုလ်ကြီးတန်းစီခိုင်းတာတဲ့ဟ…”
ကိုယ်တော်များအားလုံး တန်းစီနေကြသည်ကို နားမလည်နိုင်စွာဖြင့် ရပ်ကြည့်နေသူများမှာကား နောက်နေ့မနက် အရုဏ်ဆွမ်းချက်ရန် တာဝန်ကျ၍ ကျောင်းကိုရောက်လာပြီး ပြင်ဆင်နေကြသော တပ်ရင်းအရာခံဗိုလ်နှင့် လစာကြပ်အဖွဲ့ပင်ဖြစ်သည်။
“ကဲ… ပြောကြစမ်းပါအုံး၊ ကျုပ်တစ်ယောက်လုံး မြို့ထဲမှာကျန်ခဲ့တာကို ဘယ်သူမှမသိဘူးလား”
“ဟင်…”
“အင်…”
တန်းစီနေသောဦးဇင်းများမှာ တစ်ပါးမျက်နှာတစ်ပါးကြည့်နေကြသလို ချွေးများစိုရွှနေသော ဦးဇင်းဆွေလင်းအောင်ကိုလည်း မမှိတ်မသုန်ကြည့်နေကြရင်း ဘာမှမပြောနိုင်။ အံ့ဩနေသော အမူအရာများဖြင့်သာ ရှိနေကြသည်။
“ပြောကြလေ၊ ကျုပ်ကျန်ခဲ့တာတောင် မသိရအောင် အရာရှိဘုန်းကြီး ဘယ်နှပါးပါလို့လဲ၊ ကိုယ်တော်တို့က ကျုပ်ကျန်နေတာတောင်မသိရအောင် ဘာတွေများအရေးတကြီးရှိနေလို့တုံး ပြော၊ ဦးဇင်းအေးထွန်း ဦးဇင်းကအကြီးဆုံးပဲ ပြောဗျာ ကျုပ်ကိုမေ့ကျန်ခဲ့ရတဲ့အကြောင်း”
ထိုအခါ ဦးဇင်းအေးထွန်းက မရဲတရဲဖြင့် ခပ်တိုးတိုးပြန်ဖြေရှင်းသည်။
“ဟိုဟာလေ… ဦးဇင်းဗိုလ်ကြီး လူ့ဘဝက တပ်မှာတုန်းက…”
“လူဝတ်ကြောင်ဘဝလို့ပြောဗျ… ဘာလဲ လူ့ဘဝ တပ်မှာတုန်းကဆိုတော့ ကျုပ်က ခု ဘယ်ဘဝရောက်နေလို့လဲ…”
ဦးဇင်းဆွေလင်းအောင်က ချွေးသုတ်ရင်း ပြန်အော်တော့ ဦးဇင်းအေးထွန်းက သူ့ထုံးစံအတိုင်း ပြုံးစိစိဖြင့် ထပ်ပြောပြန်သည်။
“ဟီး… အဲဒီ လူဝတ်ကြောင်ဘဝတုန်းက တပည့်တော်တိုဈေးကားနဲ့ မြိုထဲလိုက်လာတိုင်း အပြန်ကျ ကျွန်တော့်ကိုမစောင့်နဲ့ ပြန်နှင့်၊ ကျွန်တော့်ဘာသာပြန်ခဲ့မယ်ဆိုပြီး ကိုအောင်အောင်တို့နဲ့ ဘူတာနားက စော်ဘွားကြီးဆိုင်မှာ ကျန်နေခဲ့တတ်တယ်လေ”
“အဲဒါနဲ့ ဘာဆိုင်လို့တုံးဗျ”
“အဲဒါနဲ့ အကျင့်ပါပြီး ပြန်လာတဲ့အချိန် သတိမထားမိလိုက်တာပါ ဟိ…”
“ဟာ… ခင်ဗျား… အာ… ဒီဦးဇင်းကတော့ဗျာ၊ အဲဒါလူဝတ်ကြောင်နဲ့လေ၊ ခုက ဘုန်းကြီးဝတ်နေတာဗျ စားသောက်ဆိုင်သွားထိုင်လို့ရမလား၊ တော်တော်နောက်တဲ့လူပဲ”
ဦးဇင်းဆွေလင်းအောင်၏ စိတ်ပျက်လက်ပျက်ပြောလိုက်သံကြောင့် တန်းစီနေသည့် ကိုယ်တော်များမှာ တခွိခွိဖြင့်ခိုးရယ်ကြသည်။
“ဒါတောင် ကိုအောင်အောင့်ဖုန်းဆိုင်က ကောင်မလေးတွေဆီသွားချင်လို့ တပည့်တော်တို့တပ်ခွဲကအဖွဲတွေကို အလှည့်ကျ ဖုန်းလိုက်ဝယ်ပေးတာမပါသေးဘူး ခွိ…”
“တိတ်စမ်း…”
တပ်ရင်းအရာရှိရိပ်သာတွင် ထမင်းချက်တာဝန်ယူထားသော ဦးဇင်းစည်သူက မကြားတကြားလှမ်းကလိတော့ ဦးဇင်းဆွေလင်းအောင်မှာ မျက်နှာတော်ကြီးနီရဲလျက်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာ ရပ်ကြည့်နေသော တပ်ရင်းအရာခံဗိုလ်ကို လှမ်းခေါ်လိုက်သည်။
“ဗိုလ်လေးအာအက်စ်အမ် လာအုံး…”
“ဟုတ်”
တပ်ရင်းအရာခံဗိုလ်က အလေးပြုမလို့ လက်ရွယ်ပြီးမှ လက်အုပ်လေးချီရင်း အနားလာရပ်နေ သည်။
“တပ်ရင်းမှာ ရှင်းရမဲ့ fatigue ဧရိယာ ဘယ်နေရာအကြီးဆုံးကျန်သေးလဲ”
ဦးဇင်းဆွေလင်းအောင်ကမေးလိုက်တော့ တပ်ရင်းအရာခံဗိုလ်ကြီးက မဆိုင်းမတွပြန်ဖြေသည်။
“တပ်ရင်းတောင်ဘက်က အင်းစပ်ကနေ ရထားလမ်းအစပ်အထိ ကိုင်းတောကြီးရှင်းဖိုရှိပါသေးတယ်”
“ကောင်းတယ်… ကျုပ်ပြောမယ် ဘုန်းကြီးဝတ်တဲ့ရက်တွေမှာ တစ်နေ့တစ်မျိုးမရိုးအောင် သင်ခန်းစာတွေပေးပြီးတော့ နောက်ဆုံးပိတ် ကျုပ်ကိုပါ မြိုထဲမှာထားခဲ့တဲ့ ဟောဒီကကိုယ်တော်တွေ လူထွက်လာတဲ့အခါ အဲဒီအကြီးဆုံး fatigue ဧရိယာကို အပြောင်ရှင်းဖို စာရင်းမှတ်ထားလိုက်ပေတော့ ဟုတ်ပြီလား”
“တင်ပါ့ဘုရား”
fatigue ဧရိယာကြီးတစ်ခုကို အပိုင်စားရသွားသည့် ကိုယ်တော်များမှာကား ကိုင်းတောမြိုင် သိုင်းကျမ်းကျင့်စဉ်အတွက် ခေတ်မီလက်နက်ဆန်းဖြစ်သော နဂါးနိုင်ဓားများကို ကြိုတင်စုဆောင်းပေးထားပါရန် တပ်ရင်းအရာခံဗိုလ်ကြီးကို အပူကပ်လျက်ရှိနေကြပါတော့သတည်း။ ။
နေဇင်(ပေါက်ခေါင်း)