အစိမ်းရောင် မပြယ်လွင့်ကုန်သော

wutthto

အပိုင်း(၉)

‘‘ဦးဇင်းတို့ ကြွကြပါဘုရား’’

‘‘ဦးဇင်းဆွေလင်းအောင်က သင်္ကန်းဝတ်နဲ့ တော်တော်ခန့်တာပဲ၊ ရာသက်ပန်ဝတ်ပါလား၊ တပည့်တော် ပစ္စည်းလေးပါးဒကာခံပါမယ်”

“ဝတ်ချင်တာပေါ့ ဒကာကြီးရာ၊ ဒါပေမဲ့ တိုင်းပြည်တာဝန်တွေ ထမ်းဆောင်ရအုံးမှာဆိုတော့ ရာသက်ပန်မဝတ်နိုင်သေးဘူးလေ ဟဲဟဲ…”

“ဟား… ဟား… ဟား”

မိုးကောင်းမြို့ထဲရှိ Mobile Mogaung ဖုန်းဆိုင်ပိုင်ရှင် ကိုအောင်အောင်တို့ဇနီးမောင်နှံက သံဃာတော်များကိုပင့်ဖိတ်ကာ သူတို့အိမ်၌ နေ့ဆွမ်းကပ်သည့်အတွက် ကျောင်းရှိသံဃာအားလုံး ကြွရောက်လာကြသည်။ ခင်မင်ရင်းနှီးနေသော ကိုအောင်အောင်နှင့် ဦးဇင်းဆွေလင်းအောင်တို့မှာ စနောက်စကားဆိုရင်း ပွဲကျနေကြသည်။

ဆွမ်းစားအပြီး စကားစမြည်ပြောကြရင်း အချိုပွဲဘုဉ်းပေးနေကြစဉ် ဦးဇင်းဆွေလင်းအောင်မှာ ဗိုက်ထဲကရစ်နာလာသောကြောင့် အိမ်နောက်ဖေးရှိ အိမ်သာဘက်ထွက်သွားသည်ကို ဘယ်သူမှသတိမထားမိလိုက်ကြ။ အတော်ကြာမှ ပေါ့ပါးသွားဟန်ဖြင့် အိမ်ထဲပြန်ဝင်လာသော ဦးဇင်းဆွေလင်းအောင်မှာ အိမ်ထဲကမြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။

“ဟင်… ဘယ်သူမှမရှိတော့ပါလား”

“ဟာ… ဦးဇင်း၊ ပြန်ပါမသွားဘူးလား”

ပန်းကန်ခွက်ယောက်များသိမ်းဆည်းနေသည့် ကိုအောင်အောင်တိုဇနီးမောင်နှံက အံ့ဩတကြီးဖြင့်မေးလိုက်ရာ ဦးဇင်းဆွေလင်းအောင် ဘာပြန်ပြောရမှန်းမသိ။

“တပည့်တော်တို့အိမ်ကကားတွေနဲ့ ပြန်လိုက်ပို့ခိုင်းလိုက်တာ၊ တပည့်တော်လဲ အလုပ်ရှုပ်နေလို့ လိုက်မပို့နိုင်လိုက်ဘူး၊ ဦးဇင်းပြန်ပါသွားပြီမှတ်နေတာလေ”

“ဗိုက်နာလို့ အိမ်သာသွားနေတာ ဒကာကြီးရ၊ နည်းနည်းကြာသွားတာ၊ ပြန်သွားကြတာ ကြာပြီလား”

“ငါးမိနစ်လောက်တော့ရှိပြီ၊ ခဏနေအုံးဦးဇင်း၊ တပည့်တော် ဆိုင်ကယ်ကယ်ရီငှားပြီး ပို့ခိုင်းပေးမယ် ခဏစောင့်”

တပ်ကနေ မြို့ထဲလိုက်ပို့သည့်ကားမှာ မြစ်ကြီးနားကိုသွားစရာကိစ္စရှိ၍ ဦးဇင်းများကိုပို့ပြီး ပြန်သွားရာ ကိုအောင်အောင်တို့အိမ်ရှိ ကားများဖြင့် ပြန်လိုက်ပို့ကြခြင်းဖြစ်သည်။ ဤတွင် အိမ်သာအကြာကြီးတက်နေသည့် ဦးဇင်းဆွေလင်းအောင်မှာ ပြန်ပါမသွားဘဲ ကျန်ခဲ့ရခြင်းဖြစ်တော့သည်။

ကိုအောင်အောင်ငှားပေးသည့် ဆိုင်ကယ်ကယ်ရီဖြင့်ပြန်လာရသည့် ဦးဇင်းဆွေလင်းအောင်မှာ သူ့ကိုထားခဲ့ရလောက်အောင် မေ့တတ်ကြသော သူ့ကိုယ်တော်များကို စိတ်ထဲကမကျေနပ်။ သင်္ကန်းဝတ်ဖြင့် စိတ်မတိုမိအောင်ထိန်းထားရသော်လည်း ရင်ထဲတွင်တော့ ကလိကလိဖြင့်ရှိနေသည်။

ဘယ်သူ့ကို စိတ်တိုလို့တိုရမှန်းလည်းမသိ၊ အိမ်သာတက်ရင် ကြာတတ်သော သူ့ကိုယ်သူ စိတ်တိုရမှာလား၊ အရာရှိဦးဇင်းတစ်ပါးလုံးကျန်ခဲ့တာကို မသိကြသော ကိုယ်တော်များကို စိတ်တိုရမှာလား မဝေခွဲနိုင်ဖြစ်နေစဉ် သူတိုစီးလာသည့်ဆိုင်ကယ်ကတော့ မိုးကောင်းတံတားအဆင်း၌ ဖရီးရိုက်လျက် ခပ်မြန်မြန်ပြေးနေသည်။

“ဟာ… သွားပြီ ဦးဇင်းရေ”

“ဘာဖြစ်တာတုန်းဗျ”

“ဘီးပေါက်သွားပြီ…”

“ဟာ…”

ဆိုင်ကယ်မှာ တံတားအဆင်းကို ဖရီးရိုက်လာပြီး အကွေ့အရောက်တွင် နောက်မြီးယမ်းလျက် တုန့်ဆိုင်းကာ ဘီးပေါက်သွားတော့သည်။ ဦးဇင်းဆွေလင်းအောင်မှာ စိတ်တိုရမည့်သူ နောက်တစ်ယောက် တိုးလာပြန်လေပြီ။

“ခင်ဗျားဆိုင်ကယ်ကလဲ လုပ်ပြီဗျာ၊ ဆိုင်ကယ်ပြင်ဆိုင်ကကော နီးလား”

“ဟီး… ကန်တော့ပါဦးဇင်းရယ်၊ ရှေ့နားမှာ ဆိုင်ရှိပါတယ်၊ ဦးဇင်း နောက်ကနေလိုက်ခဲ့နော်၊ တပည့်တော် ရှေ့ကနေတွန်းသွားနှင့်မယ်”

ဧပြီလ၏ မွန်းတည့်နေကား သူ့အင်အားကို အစွမ်းကုန်သွန်ချထားသောကြောင့် ဦးဇင်းဆွေလင်းအောင်၏သင်္ကန်းတစ်စုံလုံးမှာ ချွေးတို့ဖြင့်ရွှနစ်လျက်။ ဦးပြည်းတော်ပေါ်ကနေ စီးကျလာသောချွေးတို့က ဦးဇင်းဆွေလင်းအောင်၏ ခံ့ညားလှသောမျက်နှာတော်ပေါ်မှတစ်ဆင့် ပါးစပ်အတွင်းသို့ တရွေ့ရွေ့ချီတက်နေလျက်ရှိသည်။

ဆိုင်ကယ်ပြင်ဆိုင်ကလည်း ရှေ့နားမှာသာဆိုတာ တော်တော်နှင့်မရောက်နိုင်သေး။ ပူလောင်မှုနှင့် မောပန်းမှုတို့က သူ့စိတ်ကို တိုး၍တိုလာစေသည်။ ၁၅ မိနစ်လောက်လမ်းလျှောက်ပြီးမှ ဆိုင်ကယ်ပြင်ဆိုင်ကိုရောက်တော့သည်။ ဘီးဖာပြီး ဆက်ထွက်လာကြချိန်မှာတော့ ဦးဇင်းဆွေလင်းအောင်တစ်ပါး စိတ်ကိုချုပ်တည်းနိုင်ခြင်းငှာ မစွမ်းသာတော့။

“တောက်…”

ဦးဇင်းဆွေလင်းအောင်၏ နှုတ်တော်က ခပ်ပြင်းပြင်းထွက်ပေါ်လာသော တောက်ခေါက်သံတစ်ချက်က နွေအပူထက်ပင် ပြင်းရှလွန်းလှလေသည်။

နေဇင်(ပေါက်ခေါင်း)