မိုးသည်းထန်စွာရွာသွန်းမှုနှင့်မြစ်ရေတိုက်စားမှုကြောင့် လေးမျက်နှာမြို့ပေါ်ရပ်ကွက်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့်  ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးဝကျေးရွာဘုန်းတော်ကြီးကျောင်းအနီး ငဝန်မြစ်ရေကာတာမိုင်တိုင်မှတ်(၂၅/၃)နေရာ၌ အလျား၂၀ ပေခန့်၊ အမြင့် ၄ ပေခန့်နိမ့်ကျကာ ရေကာတာမှာ ကျိုးပေါက်မှုဖြစ်ပွားခဲ့သဖြင့် လေးမျက်နှာမြို့ပေါ် အမှတ်(၄)နှင့်(၅)ရပ်ကွက်များနှင့် မြို့တွင်းလမ်းမကြီးများပေါ်သို့ ရေအမြင့် ၂ ပေခန့်နှင့် အချို့နေရာများတွင် ၅ ပေခန့်ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ ရေဝင် ရောက်မှုများ ဖြစ်ပွားခဲ့ သဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

            ယင်းသို့ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ  ဆောင်ရွက်နေ မှုများကို  တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သော ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့်  ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *