တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရန် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့်အဆိုပါလမ်းကြောင်းပေါ်ရှိ မြို့/ရွာများအားတစ်ခုပြီးတစ်ခုပြန်လည်သိမ်းပိုက်ရရှိရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation)လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို မနေမနားအားသွန်ခွန်စိုက်သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။




ထိုသို့ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါကလေး-တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်တပ်မတော်စစ်ကြောင်းများသည် စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး ဇွန်လ ၇ ရက်မှစ၍ စစ်ကြောင်းများခွဲကာ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့မနားညမအား သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်တွင် ဘုတ်ကန်စံပြကျေးရွာအထိအားလည်းကောင်း၊ တမူးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာအထိအားလည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ရွာများအား အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ရရှိလာမှုနှင့်အတူ အောင်မြေချဲ့ထွင်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် တမူးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ဝိတုတ်ကျေးရွာ၊ တီးတိန်ယံကျေးရွာ၊ ရန်တိုင်းအောင်ကျေးရွာနှင့်ပတ်ဝန်းကျင်တစ်ဝိုက်အားလည်းကောင်း၊ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် တွီဘန်ကျေးရွာအားလည်းကောင်း ထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ ဗုံးသီးများ၊ ခဲယမ်းများ၊လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းပိုက်ရရှိကာ အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။









အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအတွင်းယာယီစိုးမိုးအခြေပြုနေထိုင်ခဲ့စဉ်ကာလအတွင်း ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျ၍ ဆက်ကြေးကောက်ခြင်းများဆောင်ရွက်ရန်အတွက် လမ်းဘေးဝဲယာများတွင် တဲအိတ်များဖြင့် ဆောက်လုပ်ထားသည့် ဂိတ်တဲများ၊ ဒေသခံပြည်သူများ၏နေအိမ်များကို အကာအကွယ်ရယူ၍ သဲအိတ်များ၊ သစ်လုံးများဖြင့် ခံစစ်စခန်းအဖြစ် အခိုင်အမာဆောက်လုပ်ထားသည့် ပစ်ကျင်းများ၊ ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများကို သိမ်းပိုက်ရရှိခဲ့သည်။





တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်ပေးနိုင်ရေးနှင့် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သောနယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အောက်တန်းကျစွာ လုပ်ဆောင်ခဲ့မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်နေရာများအား ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်းနှင့်ဒေသခံများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
