လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတွင် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက်ဆုံးရှုံးမှုများကိုထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်ကပြောကြားသည်။
ယနေ့(ဧပြီ ၁၇ ရက်)မြန်မာနှစ်ဆန်းတစ်ရက်တွင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာ စကားတွင် နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ခြင်းကြောင့် နှစ်ဟောင်းတွင်ကြုံတွေ့ခဲ့ရသည့်အခက်အခဲနှင့် စိန်ခေါ်မှုများကို မိဘပြည်သူများနှင့်အတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသကဲ့သိုပင် ယခုနှစ်သစ်တွင်လည်း မိမိတို့အားလုံး စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယ၊ မလျှော့သောစွမ်းပကားတို့နှင့် အောင်မြင်စွာ ဖြတ်သန်း နိုင်မည်ဟုယုံကြည်ကြောင်း၊ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် မူလဦးတည်ရည်မှန်းချက်အတိုင်း လွတ်လပ်ပြီး တရားမျှတမှုအပြည့်အဝရှိသည့် အထွေထွေရွေးကောက်ပွဲကြီးကို ဂုဏ်သိက္ခာရှိရှိအောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ ထိုသို့ကျင်းပနိုင်ခြင်းသည်လည်း ပါတီစုံဒီမိုကရေစီကို ချစ်မြတ်နိုးသည့် မဲဆန္ဒရှင် ပြည်သူများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ကြောင်း လေးစားစွာမှတ်တမ်းတင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ယခုကဲ့သို့ထူးခြားသည့် နှစ်သစ်ကူး နေ့ထူးနေ့မြတ်အခါသမယတွင် ပြည်သူများလိုလားသည့် ဒီမိုကရေစီအစိုးရအသစ်နှင့် လွှတ်တော်များသည်လည်း ပြန်လည်အသက်ဝင်လာပြီ ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် မိမိဦးဆောင်သည့် နိုင်ငံတော်အစိုးရသစ်အနေဖြင့် ယယခုနှစ်သစ်မှစပြီး တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမအားလုံးတို့၏ လိုအင်ဆန္ဒများနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေဖြင့် ကတိသစ္စာပြုထားသည့်အတိုင်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံနှင့်ပြည်သူအားလုံးအကျိုးကို သစ္စာရှိစွာဖြင့် ဦးထိပ်ပန်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတာ်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ”အနာဂတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်း ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ အလွန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း တစ်စိုက်မတ်မတ် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေးပန်းတိုင်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဆောင်ရွက် သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကာကွယ် စောင့်ရှောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
”ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ တစ်ဆက်တည်းမှာပဲ နိုင်ငံရဲ့ အဓိကလိုအပ် ချက်ဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းအားထုတ် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ပထဝီ အနေအထားနဲ့ သဘာဝအရင်းအမြစ်တွေအရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို နည်းလမ်းတကျဆောင်ရွက်ပြီး ထုတ်ကုန်များကို တိုးမြှင့်ကြဖို့ လိုအပ်ပါတယ်။အဲဒီကတစ်ဆင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေအပေါ်မှာ အခြေပြုတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)တွေကို အားပေးမြှင့်တင်ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက် ဖူလုံတဲ့အပြင် ပြည်ပကိုတင်ပို့နိုင်တဲ့အထိ ကုန်ထုတ် လုပ်မှုကဏ္ဍမြင့်မားအောင် ဆောင်ရွက်ကြမယ်ဆိုရင် တစ်ဦးချင်းကအစ နိုင်ငံတော် အဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ အသိပေး ပြောကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြော ကြားသည်။
အလားတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အဓိက လိုအပ်ချက်သည် တိုင်းရင်းသားပြည်သူအားလုံး အသိပညာ၊ အတတ်ပညာ မြင့်မားရေးပင်ဖြစ်ကြောင်း၊ ပညာရည် နိမ့်ပါးသူများနှင့် နိုင်ငံတော်ကို တိုးတက်ရန်၊ ရှေ့ဆက်လျှောက်လှမ်းရေး ခက်ခဲနေမည်ဖြစ်ကြောင်းကို ယနေ့ကြုံတွေ့နေရသည့် ဖြစ်စဉ်များက သက်သေပြနေသည်ကို အားလုံးအသိပဲဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်နိုင်ငံအတွက် အင်အားသစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူ လူငယ်များသည် ပညာရေး၊ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကောင်းမွန်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းစသည် ဗလငါးတန်နဲ့ ပြည့်ဝကြရန်လိုကြောင်း၊ ထို့မှသာ နိုင်ငံ့ရှေ့ရေးသည် ဘက်စုံပြည့်ဝထူးချွန်သော လူတော်လူကောင်း လူငယ်များ၏ ဦးဆောင်မှုဖြင့် များစွာပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
”တစ်ဦးချင်းကအစ တစ်မျိုးသားလုံး စိတ်ရောကိုယ်ပါ ကျန်းမာ ကြံ့ခိုင်ရေးနဲ့ အတွေးအခေါ်အယူအဆ ဆင်ခြင်တုံတရား ပြည့်ဝဖို့ အလွန်အရေးကြီး ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့လည်း အဲဒီအခြေခံဖြစ်တဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍကို ဆက်လက်မြှင့်တင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီနေ့လူငယ်တွေကို အတတ်ပညာသာမက အသိပညာပါ ထက်မြက်ပြီး အနာဂတ်အတွက် အားကိုးအားထားဖြစ်နိုင်မယ့်ဘက်စုံထူးချွန်သူများဖြစ်အောင် မိဘများ၊ ဆရာ ဆရာမများနဲ့ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင် ပေးကြပါလို့ အလေးအနက်ထား မှာကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယင်းအပြင် ပြည်တွင်းစည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနှင့်ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက်အောင် လုပ်ဆောင်နေသည့် ပြည်တွင်း ပြည်ပ ပယောဂများ၏ အဖျက်အမှောင့်များ၏ အန္တရာယ်ကို သတိတရားဖြင့် မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြရန်အလွန်အရေးကြီးကြောင်း၊ ယနေ့နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် အဖျက်အမှောင့်များဖြင့် ဆူပူအကြမ်းဖက်မှုများ၏ အခြေခံသည်ယင်းအချက်ပင်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့် ယုံကြည်ခံယူချက်နှင့် မိမိတို့တိုင်းရင်းသားပြည်သူ အားလုံးဟာ နိုင်ငံချစ်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်များနှင့် နိုင်ငံကိုတည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အားလုံးသည် ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်၊ ရေကိုသား၍ ကြားမထင်ဆိုသည့် စကားများနှင့်အညီ ချစ်ကြည်ရင်းနှီးစည်းလုံးညီညွတ်မှု အပြည့်အဝဖြင့် သာယာလှပသည့်
နိုင်ငံတော်သစ်ကို စိတ်တူကိုယ်တူ တည်ဆောက်သွားရန် တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
“နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ကျွန်တော်တို့အားလုံး အတိတ်က ခါးသီးမှုအတွေ့အကြုံတွေကို သင်ခန်းစာယူပြီး သာယာဝပြောတဲ့ နိုင်ငံတော်သစ်ဆီကို ညီညီညွတ်ညွတ် အတူတကွ လျှောက်လှမ်းကြဖို့ပြောကြားလိုပါတယ်၊ “စည်းလုံးခြင်း သည်အင်အား” ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံးဟာ စည်းလုံးညီညွတ်မှု ခိုင်မြဲ နေမယ်ဆိုရင် ဘယ်လိုအခက်အခဲမျိုးမဆို ကျော်ဖြတ်အောင်မြင်နိုင်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ ဒါ့ကြောင့်လည်း အနာဂတ်နိုင်ငံတော်အတွက် မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးကြောင်းနဲ့ ကျွန်တော့်အနေနဲ့ များစွာတန်ဖိုးထားမျှော်လင့်ပါကြောင်း ပြောကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစပြီး မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ပြည်ပတွင်နေထိုင်ကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဟန်ချက်ညီစွာဖြင့် မေတ္တာတရား လက်ကိုင်ထားလျက် ခရီးဆက်နိုင်ကြပါစေကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘာသာ သာသနာအကျိုးကို ဆတက်ထမ်းပိုး တိုးမြှင့်ထမ်းဆောင် နိုင်ကြပါစေကြောင်းနှင့် အန္တရာယ်ဟူသမျှ ကင်းဝေးကြပါစေကြောင်း နှစ်သစ်အခါသမယ ဆုမွန်ကောင်း တောင်းလိုက်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
