ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ (၆၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါက်သီးရိုက်အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
(၆၅)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၌ တံခွန်စိုက်ဖလားရရှိထားသော အောင်ပန်းမြို့နယ်အသင်းမှ တံခွန်စိုက်ဆုဖလားအား ပြိုင်ပွဲကျင်းပရေးကော်မတီသို့ ပြန်လည်အပ်နှံရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ၎င်းနောက် တိုင်းမှူးနှင့်ပြည်နယ်ဝန်ကြီးများက ကျင်းအမှတ်(၁)မှ SMOKE BALL ဂေါက်သီးရိုက်ကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးကြပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲအား ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၀)မြို့နယ်မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၅၂ သင်း၊ အမျိုးသမီးအသင်း ၉ သင်းတို့မှ အားကစားသမား စုစုပေါင်း ၃၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲအား ဒီဇင်ဘာလ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
