နိုင်ငံကောင်းဖြစ်စေရေးအတွက် ဝန်ထမ်းကောင်းများရှိရန် လိုအပ်မှုနှင့် ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁ ရက်မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း(ဇီးပင်ကြီး)နှင့် ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများကိုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
” ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းနိုင်မှာဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာဖြစ်စေ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ဝန်ထမ်းဆိုပြီးရှိတယ်။ အစိုးရက နိုင်ငံရေးဦးဆောင်မှုပေးပြီး မူဝါဒချ မှတ်ပေးတယ်။ နိုင်ငံ့ဝန်ထမ်းတွေက အကောင်အထည်ဖော်ဆောင်ရတယ်။ အစိုးရအဖွဲ့က နိုင်ငံရေးအရ ဦးဆောင်သူတွေ အပြောင်းအလဲရှိနိုင်ပေမယ့် နိုင်ငံ့ဝန် ထမ်းတွေကတော့ ဆက်လက်တာဝန်ထမ်းဆောင်ရပါတယ်။ နိုင်ငံရေးမှာ အာဏာရပါတီအလိုက်၊ အစိုးရအဖွဲ့အလိုက်မူဝါဒကွဲပြားပေမယ့် ရုံး/ဌာနတွေကတော့ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် နိုင်ငံတော် ယာယီသမ္မတမှ ၂၀၁၀ ခုနှစ်မှစ၍ ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှု၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခက်အခဲ၊ အကြပ်အတည်းများကို တပ်မတော်မှဦးဆောင်ဖြေရှင်းခဲ့မှု၊ နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာသည် ခေတ်အဆက် ဆက်ထိန်းသိမ်းကာကွယ်ရမည့်အချက်များဖြစ်မှုတို့ကို ရှင်းလင်းပြောကြားပြီး အနာဂတ်တွင် ခေတ်မီဖွံဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကိုပုံဖော် တည်ဆောက်ကြရမည်ဟု ပြောသည်။
ထို့အတူ လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEVM)များဖြင့် ဆန္ဒမဲများပေးနိုင်ရေးစီမံဆောင်ရွက်ထားမှု၊ စီးပွားရေးစနစ်များတွင် ကုန်သွယ်မှုလိုငွေများရှိခဲ့မှု၊ ယင်း လိုငွေများကို Non-Trade များမှရရှိသည့် ငွေများဖြင့်ပြန်လည်ဖြည့်တင်းခဲ့ကြမှု၊ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုလိုငွေများရှိခဲ့မှု၊ Non-Trade မှရသည့်ငွေများတွင် ပြည်ပမှချေးငွေများ၊ ထောက်ပံ့ငွေများပါဝင်မှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုအားပေးဆောင်ရွက်ပြီး ပြည်ပသို့တင်ပို့နိုင်မည့်ပို့ကုန်များရရှိမှသာ နိုင်ငံတော်အတွက်လိုအပ်သည့်နိုင်ငံခြားငွေများရရှိကာ ကုန်သွယ်မှုလိုငွေများလျော့နည်းလာမည်ဖြစ်ကာ ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်ပြီး ပိုလျှံသည့် ထုတ် ကုန်များကို ပြည်ပသို့တင်ပို့နိုင်ပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
