ထိုင်းဘုရင့်လေတပ်မှ အုပ်အဆင့်အပြန်အလှန်လေ့လာရေးအဖွဲ့ဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ဩဂုတ် ၄ ရက်မှ ၅ ရက်နေ့အထိ ၂ ရက်တာ လာရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့ဝင်များသည် သြဂုတ် ၄ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်လေတပ်မှ လေယာဉ်ဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ တပ်မတော် (လေ) မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ တပ်မတော် (လေ) မှ တာဝန်ရှိသူများက အုပ်သမိုင်းအကျဉ်းကို ရှင်းလင်းပြသကာ အုပ်မှူးများ အချင်းချင်းအထိမ်းအမှတ်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
ထို့နောက် ဩဂုတ် ၄ ရက် ညနေပိုင်းတွင် မိတ္ထီလာမြို့ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်ရှိ သူရအုန်းခိုင်ခန်းမ၌ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ကြရာ တပ်မတော် (လေ) မှ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စစ်ဦးစီးအရာရှိချုပ် (လေ)က ဂုဏ်ပြုလက်ဆောင်ပန်းခြင်း ပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအဖွဲ့များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်ဘုရားနှင့် ကမ္ဘာအေးစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ရန်ကုန်မြို့ရှိ Time City ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ Junction City နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ထိုင်းဘုရင့်လေတပ်မှ အုပ်အဆင့်အပြန်အလှန်လေ့လာရေးအဖွဲ့ဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့ဝင်များသည် သြဂုတ်လ ၅ ရက်၊ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထိုင်းဘုရင့်လေတပ်မှ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ တပ်မတော် (လေ) မှ တာဝန်ရှိသူများက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်ဟု သိရသည်။
crd// mhtnews



