ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် YBSပေါ်၌ ဖုန်းနှိုက်ပြီး သားအဖ(၂)ဦးကို အုပ်စုဖွဲ့ထိုးကြိတ်ခဲ့သည့် ခါးပိုက်နှိုက်အဖွဲ့ဝင် (၅)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်၊ နံနက် ၈ နာရီက လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်း မှတ်တိုင်မှ YBS-58 ကားဖြင့် အသက်(၄၅)နှစ်အရွယ် ဦးစောလယ်ထူးကျော်နှင့် အသက်(၁၉)နှစ်အရွယ် သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူးတို့ စီးနင်းလိုက်ပါလာစဉ် ပန်းဘဲတန်းမြို့နယ် လမ်း(၃၀) အရောက်၌ ဦးစောလယ်ထူးကျော်၏ ရင်ဘက်၌ထားကာ လွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးက ခါးပိုက်နှိုက်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့နောက် ဦးစောလယ်ထူးကျော်က တွန်းလိုက်ရာမှ အချင်းများကြပြီး ၎င်းအမျိုးသားနှင့် အပေါင်းအပါ (၅) ဦး ခန့်က ဦးစောလယ်ထူးကျော်နှင့် ၎င်း၏ သားဖြစ်သူတို့ (၂) ဦးအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းမှတ်တိုင်အရောက်၌ အဆိုပါအမျိုးသား(၅) ဦးခန့်က ဦးစောလယ်ထူး ကျော်နှင့် သားဖြစ်သူတို့အား ယာဉ်ပေါ်မှဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ကာ ဦးစောလယ်ထူးကျော်၏ ဘောင်းဘီအိတ်အတွင်းမှ Redmi 9A အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်း(ပ) ၅၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/ ၃၂၃/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ကြည့်မြင်တိုင် မြို့နယ်အတွင်း နေထိုင်သော ယခင် ခါးပိုက်နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူများဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်စဉ် ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေသူများဖြစ်သည့်အသက် (၄၂)နှစ် အောင်ကိုလတ်၊ (၃၀)နှစ် ဝေဖြိုးအောင် (ခ) ဝေဖြိုး၊ (၂၂)နှစ်အရွယ် ပြည့်ဖြိုးထွေး(ခ) ပိစိ၊ (၃၃)နှစ်အရွယ် ဇော်ဇော်လွင် (ခ) ဘိုဘို နှင့် (၂၇)နှစ်အရွယ် ကျော်နိုင်ဦး (ခ) ကျန်ကျောင်း တို့ ၅ ဦးအား မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေ အောင်မိုး(ခ) လှမြိုင်(ခ) တည်ကြီးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကျောက်တံတားမြို့ နယ်အတွင်း YBS-58 ယာဉ်ပေါ် ဦးစောလယ်ထူးကျော်၏ ကျောပိုး အိတ်အတွင်းမှ ဖုန်းအား အောင်မိုး(ခ) လှမြိုင်(ခ) တည်ကြီးမှ ခါးပိုက်နှိုက်နေစဉ် အောင်ကိုလတ်နှင့် ကျော်နိုင်ဦး (ခ) ကျန်ကျောင်း တို့ ၂ ဦးက ဝန်းရံပေးခဲ့ရကြောင်း သိရသည်။
ထို့နောက် ဝေဖြိုးအောင်(ခ) ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ၊ ဇော်ဇော်လွင် (ခ) ဘိုဘို တို့က အဆိုပါယာဉ်ပေါ်၌ စောင့်ကြည့်နေခဲ့ပြီး လက်ကိုင်ဖုန်းအား နှိုက်ယူနေသည်ကို သိရှိသွား၍ အချင်းများကြရာ ဝေဖြိုးအောင်(ခ) ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ၊ ဇော်ဇော်လွင် (ခ) ဘိုဘိုတို့က လက်သီးဖြင့်ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးစောလယ်ထူးကျော်၏ သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူးအား ပန်းဆိုးတန်းကားမှတ်တိုင် အရောက် ကားပေါ်မှ ဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်းနှင့် ခါးပိုက်နှိုက်ယူရရှိခဲ့သည့် Redmi ဖုန်းအား အောင်မိုး(ခ)လှမြိုင် (ခ) တည်ကြီး က ယူဆောင်သွား ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ကြောင့် အများပြည်သူသွားလာအသုံးပြုနေသည့် YBS မြို့တွင်လိုင်းယာဉ်များပေါ်၌ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများဖြစ်ပြီး ဖမ်းဆီးရမိသူများအား ၎င်းတို့ကျူးလွန်ခဲ့သည့်အမှုများ ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရန်ကျန်ရှိနေသည့် အောင်မိုး(ခ) လှမြိုင် (ခ) တည်ကြီး အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးနှင့် သက်သေခံပစ္စည်း ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
