ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မော်တော်ဆိုင်ကယ်များ ခိုးယူသည့် အမျိုးသားများကို တာဝန်ရှိသူများမှ မော်တော်ယာဉ်များနှင့်အတူ မကြာသေးမီရက်ပိုင်းက ဖမ်းဆီးရရှိကြောင်း သိရသည်။
ပဲခူးပြည်သူ့ဆေးရုံကြီးအတွင်းရှိ မော်တော်ဆိုင်ကယ်များရပ်တန့်ထားသည့်နေရာတွင် မော်တော်ယာဉ်များ မကြာခဏပျောက်ဆုံးနေကြောင်း သတင်းရရှိသောကြောင့် တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်နေစဉ် မင်္သကာဖွယ်အမျိုးသားကို စစ်ဆေးဆောင်ရွက်ရာ ၎င်း၏အိတ်ထဲတွင် T”ပုံသဏ္ဍာန် မာစတာကီး တစ်ချောင်း ကိုတွေ့ရှိခဲ့ကြောင်း၊ ၎င်းနှင့်တူလိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် လိုက်လံဖမ်းဆီးရာ ကျောက်ကြီးစုရပ်ကွက်၊ ရွာသစ်လမ်းမပေါ်တွင် ထွက်ပြေးသည့် အမျိုးသားကိုလည်း ဖမ်းဆီးရမိပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်ထဲတွင်လည်း မာစကီးတစ်ချောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုဖမ်းဆီးရရှိသည့် အမျိုးသား (၂) ဦးကို စစ်ဆေးဆောင်ရွက်ရာတွင် ၎င်းတို့နှင့်တစ်ဖွဲ့ထဲဖြစ်သည့် အမျိုးသား တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရရှိခဲ့ရာ ၎င်းတို့ခိုးယူထားသည့် မော်တော်ဆိုင်ကယ်များကို ရန်ရှင်းနှင့် ကျော်စွာတို့ကို ရောင်းချကြောင်း ထွက်ဆိုသောကြောင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ ခိုးယူထားသည့် မော်တော်ဆိုင်ကယ်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါမော်တော်ဆိုင်ကယ်များခိုးယူသူအမျိုးသား (၃) ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးထားကြောင်းလည်း သိရသည်။
