ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအား KNU/PDF များမှ မိုင်းခွဲဖျက်ဆီး

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ကျောက်တံခါးနှင့် သူဌေးကုန်းဘူတာအကြား အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၈ ရက် နံနက် ၇ နာရီက ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၉၀၂)အစုန်ကုန် ရထားသည် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ရှိ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် သူဌေးကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁ဝ၇/၄-၅) နေရာသို့ ရောက်ရှိချိန်တွင် အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ကထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အစုန်ရထားလမ်း ထိခိုက်ပျက်စီးနေကြောင်းတွေ့ရှိရသဖြင့် ကျောက်တံခါးဘူတာသို့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကျောက်တံခါးနှင့် သူဌေးကုန်းရထားလမ်းပိုင်းအား နံနက် ၇ နာရီ ၂၆ မိနစ်တွင် ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အစုန် လမ်း၏အရှေ့ဘက်သံလမ်း နှစ်ပေခန့် ပြတ်ထွက်ခြင်း၊ အနောက်ဘက် သံလမ်း ၁၅ ပေခန့် ကွေးကောက်၍ လမ်းခင်းကျောက်နှင့် ကွန်ကရစ် ဇလီဖားတုံးအချို့ ပျက်စီးခြင်းတို့အပြင် အခင်းဖြစ်ပွားရာ နေရာအနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရ‌ကြောင်း သိရသည်။

မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျောက်တံခါးနှင့် သူဌေးကုန်းဘူတာအကြား အစုန်လမ်း၏ သံလမ်းအားလဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကိုဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင် အဆိုပါလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်၍ ရထားများပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော အမှတ်(၁၁) အဆန်အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU အမြန်ရထား တို့အား ညောင်လေးပင်ဘူတာ၌ အသီးသီးရောက်ရှိ ရပ်တန့်ထားခဲ့ရပြီး လမ်းပိုင်းစစ်ဆေးပြုပြင်ပြီးစီး၍ နံနက် ၈ နာရီ ၅၇ မိနစ်မှသာ ပြန်လည်ထွက်ခွာပေးနိုင်ခဲ့သဖြင့် လူစီးရထားများ ၁ နာရီခန့်စီ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များ အနေဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်လုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ၈၁ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ၁၇၅ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *